၁၆ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
တိုင်းဒေသကြီးနဲ့ ပြည်တွေမှာ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ရောယှက်နေထိုင်ကြလို့ ပြည်နယ်တစ်ခုဟာ လူမျိုးတစ်ဦးတည်းရဲ့ ပိုင်ဆိုင်မှု မဟုတ်တာကြောင့် နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည်သတ်မှတ်ရေးကို စဉ်းစားအဖြေရှာဖို့ နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ယမန်နေ့ အောက်တိုဘာ ၁၅ ရက်ကပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံတော်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဥပမာ အမည်နာမအနေနဲ့ သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာနေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့လိုပါတယ်။ ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး အားလုံးဝိုင်းဝန်း စဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။ ” လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေသာမက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာမှာ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မလုပ်ခဲ့ရတဲ့ KNU၊ CNF၊ ABSDF အဖွဲ့ (၃) ဖွဲ့ကိုလည်း ထပ်မံဖိတ်ခေါ်လိုက်သလို PDF အဖွဲ့တွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ သမ္မတက ထပ်မံတိုက်တွန်းခဲ့ပါတယ်။
“အထူးသဖြင့် လွန်ခဲ့တဲ့ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ ABSDF အဖွဲ့တို့ကိုလည်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုပါတယ်။ အလားတူ PDF အမည်ခံအဖွဲ့များအနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ တိုက်တွန်းလိုပါတယ်” လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ဖြည့်စွက်သင့်တဲ့အချက် ၄၃ ချက်အပြင် ယခင် အစိုးရ နှစ်ဆက် လက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးသဘောတူခဲ့တဲ့ ပြည်ထောင်စုသဘောတူ စာချုပ်(Union Accord) အစိတ်အပိုင်း ၁ ၊ ၂ နဲ့ ၃ တို့ကိုလည်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီး အပိုင်းလိုက် အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဆက်လက် ပြောကြားပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU၊ DKBA၊ KNU/KNLA-PC၊ CNF၊ PNLO၊ ABSDF၊ ALP နဲ့ RCSS စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က စတင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ LDU နဲ့ NMSP တို့ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ ရှိခဲ့ပါတယ်။
NCA (၁၁) နှစ် ပြည့်အခမ်းအနားကို လက်မှတ်ရေးထိုးထားတဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ် စောရွှေဝ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး စဝ်စိုင်းငင်း၊ ကရင်အမျိုးသားအ စည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) အတွင်းရေးမှူး(၁) စော ကျော်ညွန့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဗဟိုကော်မတီဝင် စဝ်နော်လိတ်၊ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ ဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

