၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
NPW
ပြည်တွင်းက လူနည်းစုတိုင်းရင်းသားတွေကို အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ မြန်မာနိုင်ငံတော်် အစိုးရကို တရုတ်နိုင်ငံအစိုးရကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA (၁၁)နှစ်ပြည့် အခမ်းအနားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက Video ကွန်ဖရန့်က တစ်ဆင့် ပြောကြားလိုက်တာပါ။
မြန်မာပြည်တွင်းက တိုင်းရင်းသား လူနည်းစုတွေအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများကို ရှာဖွေရန်နဲ့ ဆွေးနွေးပွဲများက တစ်ဆင့် သင့်တော်တဲ့ အဖြေများကို ရှာဖွေရန် မျှော်လင့်တယ်လို့ တရုတ်အထူးကိုယ်စားလှယ်က ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ အဆိုပါ ကိစ္စအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။
တရုတ်အစိုးရအနေနဲ့ တရားမျှတတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဆန္ဒ၊ မျှော်လင့်ချက်တွေနဲ့အညီ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကူညီထောက်ပံ့မှုတွေ ဆက်လက်ပေးအပ်သွားမယ်လို့လည်း မစ္စတာ တိန့်ရှီကျွန်းက ဆိုပါတယ်။
“သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအနေနဲ့ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်ဆုပ်ကိုင်ထားရန်၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်၊ သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဆွေးနွေးပွဲများက တစ်ဆင့် ဖြေရှင်းရန်နဲ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရရှိကြရန် မျှော်လင့်ပါတယ်။” လို့လည်း ၎င်းက ပြောကြားသွားပါတယ်။
NCA (၁၁) နှစ်ပြည့် အခမ်းအနားကို နေပြည်တော်က Hor izon Lake View Resort Hotel မှာ ယမန်နေ့ အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုလည်း NSPNC က ဦးဆောင်ပြီး (၂) ရက်တာ ကျင်းပနေပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အစိုးရ ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်ပညာရှင်တွေနဲ့ NCA လက် မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးနေကြပါတယ်။

