Language:

အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးကို လူကုန်တားရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့


အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးကို လူကုန်တားရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့

၁၄ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့မှာ အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှ တစ်ဆင့် အမည်မသိသူ တစ်ဦးနဲ့ ချိတ်ဆက်ကာ နေအိမ်မှ ထွက်ခွာလာပြီး လူကုန်ကူးခံရနိုင်တဲ့ အမျိုးသမီးငယ် တစ်ဦးကို တားဆီးထိန်းသိမ်းကာ မိဘများထံ ပြန်လည်အပ်နှံခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ (၁၂) ရက် ညနေ (၅) နာရီခွဲခန့်မှာ မိုင်းတုံမြို့၊ ဝမ်မိုင်ရပ်ကွက်နေ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်မော်က သမီးဖြစ်သူအသက်(၂၀)အရွယ် မဝေဝေလွင်သည် မိဘများ မသိရှိဘဲ မိုင်းလားမြို့မှာ အလုပ်လုပ်ကိုင်ရန်ဟုဆိုကာ နေအိမ်မှ ထွက်ခွာသွားတယ်လို့ မိုင်းတုံနယ်မြေတာဝန်ကျ ရဲအုပ် မျိုးမြင့်ဝင်းထံ လာရောက်အကူအညီတောင်းခဲ့ခြင်းဖြစ်တယ်လို့ လူကုန်တား ရဲမှူးက ဆိုပါတယ်။

“ဒေါ်ကြည်ကြည်ဝင်းက သူ့သမီး အိမ်ကနေ ခိုးထွက်သွားတယ်ဆိုတဲ့အကြောင်း ပြီးရင် ခိုးမထွက်ခင် အွန်လိုင်းတွေကနေ ပြောဆိုသံတွေကြားတယ်ပေါ့နော်။ မိုင်းလားသွားအလုပ်လုပ်မယ် အလုပ်လုပ်ရင် အစိတ်(၂၅) ရမယ်ပြောတယ်ကြားတယ် ကောင်းမလေးက အလုပ်လည်းမရှိတော့ သွားလုပ်တာ” လို့ မိုင်းတုံ လူကုန်တားရဲတပ်ဖွဲ့က ဒုရဲမှူးလှဖုန်းက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

မိခင်က သမီးရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းရာ မိုင်းလားမှာ အလုပ်ပေးမယ့်သူက တာချီလိတ်မြို့၊ တော်ကော့ရပ်ကွက်ရှိ ငွေကမ္ဘာတည်းခိုခန်းမှာ တည်းခိုပြီးစောင့်နေရန် မှာကြားထားပြီး သမီးဖြစ်သူက အဆိုပါနေရာမှာ ရောက်ရှိနေခဲ့တာလို့ ဆိုပါတယ်။

ဆက်လက်ပြီး မိုင်းတုံရဲတပ်ဖွဲ့က တာချီလိတ်မြို့လူကုန်တားရဲတပ်ဖွဲ့ နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ရဲတပ်ကြပ်တင်ထွဋ်က ငွေကမ္ဘာတည်းခိုခန်းကို သွားရောက်စစ်ဆေးခဲ့ပြီး မဝေဝေလွင်ကိုတွေ့ရှိကာ တာချီလိတ်လူကုန်တားတပ်ဖွဲ့စိတ် (၁) ရုံးသို့ ခေါ်ဆောင်ကာ (၁)ရက်တာ ထိန်းသိမ်း စောင့်ရှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ (၁၃) ရက် နံနက် (၇) နာရီမှာ မဝေဝေလွင်ကို ရွှေသစ္စာယာဉ်လိုင်းနှင့် မိုင်းတုံမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး မိုင်းတုံနယ်မြေတာဝန်ကျ ရဲအုပ်မျိုးမြင့်ဝင်းက ညနေပိုင်း (၄) နာရီခွဲအချိန်မှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မိဘများထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

#အသက်(၂၀)အရွယ်

#အမျိုးသမီးငယ်

#လူကုန်တား

#ရဲတပ်ဖွဲ့

#ကယ်တင်နိုင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin