အခကြေးငွေဖြင့် ကျူရှင်မသင်ရန် ညွှန်ကြားထားပေမယ့် ဆရာ/ဆရာမများ လိုက်နာမှု အားနည်း
၁၄ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
ဇင်ကြီး
အခကြေးငွေယူပြီး ကျူရှင်မသင်ကြားဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပေမယ့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ လိုက်နာမှုမရှိဘဲ ကျူရှင်သင်ကြားမှုများ ဆက်လက်တွင်ကျယ်နေကာ ကျူရှင်လစာများ အဆမတန်တောင်းယူနေတယ်လို့ ဒေသခံများ၏ ပြောကြားချက်အရ သိရပါတယ်။
အခြေခံပညာ ကျောင်းဆရာ/ဆရာမများအနေနဲ့ အခကြေးငွေယူကာ ပုဂ္ဂလိကကျူရှင်သင်ကြားခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနက တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ အကြိမ်ကြိမ်ထုတ်ပြန်ထားသော်လည်း လက်တွေ့မှာတော့ သင်ကြားနေပါတယ်လို့ ကျောင်းသားမိဘတို့က ဆိုပါတယ်။
အဆိုပါ ကျူရှင်လစာများကြောင့် ကျောင်းသားမိဘများအနေနဲ့ အခြေခံစားဝတ်နေရေး ရုန်းကန်နေရချိန် ကလေးများရဲ့ ကျူရှင်စရိတ်၊ စာအုပ်စာစောင်ခစသည့် အပိုကုန်ကျစရိတ်များမှာ မိသားစုဝင်ငွေထက် များစွာပိုကုန်ကျနေတယ်လို့ ပြောဆိုချက်အရ သိရပါတယ်။

