၁၃ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ဟိုနား (မဟင်လုံ) ကျေးရွာရှိ နေအိမ်တစ်အိမ်မှ အမျိုးသမီး(၁)ဦးဆီကနေ ဒေသကာလတန်ဖိုး ကျပ်သိန်း (၂၄) တန်းဖိုးရှိ စိတ်ကြွဆေးပြား (၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအဖွဲ့ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာလ (၁၂) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်ခန့်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ သက်သေများနဲ့အတူ ၊ ဟိုနား(မဟင်လုံ)ကျေးရွာနေ မမီဖာရဲ့ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေခဲ့တာဖြစ်ပါတယ်။
မူးယစ်တပ်ဖွဲ့ဝင်များက အသက် (၄၇) နှစ်အရွယ် မမီဖာရဲ့ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ် (၂၄) သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား (၄,၀၀၀) ပြား နှင့် လက်ကိုင်ဖုန်း (၂) လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တာချီလိတ်မှာ အောက်တိုဘာ (၁၁) ရက်နေ့ က ဖန်မင်ကျေးရွာအုပ်စု၊ဧဒင်ကျေးရွာအနီး၊ မိသားစုဟိုတယ်ရှေ့မှာ ကက်တမင်းအရည်ပါ အီးစီးကရက် Pop ခေါင်း အခု (၂၀)နဲ့အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တာတွေလည်းရှိပါတယ်။

