၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဓာတ်လှေခါးပါဝင်တဲ့ အဆောက်အအုံအသစ် ဆောက်လုပ်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ဆောက်လုပ်ဆဲအဆောက်အအုံတွေမှာ ဆိုလာလျှပ်စစ်စနစ် (Solar System) မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC ၊ အဆောက်အအုံ အင်ဂျင်နီယာဌာနက ညွှန်ကြားလိုက်ပါတယ်။
အဆိုပါ ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်ကစပြီး ဓာတ်လှေကားပါဝင်တဲ့ အထပ်မြင့် အဆောက်အအုံတွေနဲ့ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတွေမှာ ဆိုလာစနစ် တပ်ဆင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် သတ်မှတ်ချက်နဲ့ အကျုံးဝင်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်နေသူတွေအနေနဲ့ သတ်မှတ်ရက်မတိုင်မီ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကြိုတင်လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။
ဆိုလာစနစ် တပ်ဆင်ရာမှာလည်း အဆောက်အအုံရဲ့ လျှပ်စစ်သုံးစွဲမှုနဲ့ ကိုက်ညီတဲ့ ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီစနစ်တွေကို ရွေးချယ်ဖို့ လိုအပ်သလို အမိုးပေါ်တပ်ဆင်မယ့် နေရာနဲ့ နည်းပညာဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း လိုက်နာရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယခုလို ဆိုလာစနစ် မဖြစ်မနေတပ်ဆင်ရမယ့် သတ်မှတ်ချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အဆောက်အအုံ ဒီဇိုင်းရေးဆွဲချိန်ကတည်းက ဆိုလာစနစ်အတွက် နေရာနဲ့ ကုန်ကျစရိတ်တွေကို ကြိုတင် ထည့်သွင်း တွက်ချက်ထားဖို့ လိုအပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် ဆောက်လုပ်ဆဲအဆောက်အအုံတွေမှာ ဆိုလာစနစ် ထပ်မံတပ်ဆင်ရမယ်ဆိုရင် အပိုကုန်ကျစရိတ်တွေနဲ့ ဆောက်လုပ်ရေးအစီအစဉ် ပြန်လည်ပြင်ဆင်ရမှုတွေ ရှိလာနိုင်ပါတယ်။
ဒါကြောင့် ရန်ကုန်မြို့အတွင်း ဓာတ်လှေကားပါဝင်တဲ့ အထပ်မြင့် အဆောက်အအုံတွေနဲ့ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံ ဆောက်လုပ်နေသူတွေအနေနဲ့ ဆိုလာစနစ်တပ်ဆင်ရေးဆိုင်ရာ သတ်မှတ်ချက်တွေ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ အဆောက်အအုံပြီးစီးကြောင်း လက်မှတ် (BCC) လျှောက်ထားရာမှာ လိုအပ်ချက်တွေကို YCDC ထံ ဆက်သွယ်စုံစမ်းပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အကြံပြုပြောဆိုထားကြပါတယ်။

