Language:

ငဝန်တာအိကျခဲ့တဲ့နေရာမှာ သောင်တူးလုပ်ငန်းတွေ လုပ်ဆောင်နေ၊ တာပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်လျက်ရှိ


ငဝန်တာအိကျခဲ့တဲ့နေရာမှာ သောင်တူးလုပ်ငန်းတွေ လုပ်ဆောင်နေ၊ တာပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်လျက်ရှိ

၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ငဝန်တာအိကျခဲ့တဲ့နေရာကို နောင်နှစ်တွေမှာ တာထပ်မံအိကျတာနဲ့ ရေကြီးရေလျှံမှုတွေ မဖြစ်အောင် မြစ်ကြောင်းရှင်းလင်းတာ၊ သောင်တူးတာနဲ့ ကမ်းထိန်းလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သိရပါတယ်။

လက်ရှိမှာတော့ တာအိကျခဲ့တဲ့နေရာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ သောင်ခုံကို ဖယ်ရှားရှင်းလင်းနိုင်ဖို့ သောင်တူးယာဉ်တွေနဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းဟာ အလျား မီတာ ၁,၆၀၀ နဲ့ အကျယ် မီတာ ၇၀ ရှိတဲ့ သောင်တူးသဲဖို့လုပ်ငန်းဖြစ်ပြီး မြစ်ကြောင်းအတွင်း သောင်ခုံတွေကို ရှင်းလင်းဖယ်ရှားဖို့ အပြင် ကမ်းပါးကို ပိုမိုခိုင်ခံ့အောင် ထိန်းသိမ်းနိုင်ဖို့ အလျား မီတာ ၁,၀၀၀ ရှိတဲ့ ဘိုးပိုင်အခြေပြု ကျောက်ပြားကပ်တမံ ကမ်းထိန်းလုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ငဝန်တာ တာမိုင် ၂၅/၃ နေရာကို အခိုင်အမာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်လေ့လာစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး မြေပြင်တိုင်းတာတာ၊ မြေအောက်ဘူမိဗေဒ အခြေအနေတွေကို စူးစမ်းလေ့လာတာ၊ တာပြန်တည်ဆောက်မယ့် လမ်းကြောင်းရွေးချယ်တာနဲ့ တာဖို့ဖို့ အသုံးပြုမယ့် မြေ ရရှိနိုင်တဲ့ နေရာတွေကို ရှာဖွေတာတို့ ပါဝင်ပါတယ်။

အခုလို စစ်ဆေးလေ့လာမှုတွေကနေ ရရှိလာမယ့် အချက်အလက်တွေအပေါ် မူတည်ပြီး တာပြန်တည်ဆောက်ရေး လိုအပ်တဲ့ ဒီဇိုင်းပုံစံတွေကို ရေးဆွဲသွားမယ်လို့ သိရပါတယ်။

ငဝန်တာအိကျခဲ့တဲ့နေရာမှာ အခုလို မြစ်ကြောင်းရှင်းလင်းရေးနဲ့ ကမ်းထိန်းလုပ်ငန်းတွေ ဆောင်ရွက်နေတာဟာ နောင်လာမယ့်နှစ်တွေမှာ တာအိကျမှုနဲ့ ရေကြီးရေလျှံမှုတွေ ထပ်မံမဖြစ်ပွားစေဖို့ ရည်ရွယ်ထားကာ တာပြန်တည်ဆောက်ရေးလုပ်ငန်းရဲ့ အချိန်ဇယားနဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။

#ငဝန်တာ

#သောင်တူးလုပ်ငန်း

#သဘာ၀ဘေး

#ရေကြီးရေလျှံမှု

#လေးမျက်နှာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin