၂၃ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ဩဂုတ် ၂၁ ရက် မနက် ၆ နာရီလောက်က ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ ချင်းဆန်မြို့နယ်၊ စီဒွန်မွန်ကျေးရွာအုပ်စု၊ ဘန်ဒိုင်ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ICE မူးယစ်ဆေး (၅၀၀) ကီလိုကျော် ဖမ်းဆီးရမိခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒီအမှုမှာ မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ အနက်ရောင် SUV ကားကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ကားမောင်းသူ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က ဒရုန်းနဲ့ လိုက်လံရှာဖွေဖိအားပေးခဲ့တာကြောင့် နေ့လယ်မတိုင်ခင်မှာ ကိုယ်တိုင်ထွက်လာပြီး အဖမ်းခံခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီအမျိုးသားဟာ အဲဒီနေ့မနက်အစောပိုင်းမှာ မယ်ဆိုင်မြို့နယ်ရှိ ဟိုတယ်တစ်ခုကနေ ထွက်ခွာခဲ့တာကို သိရှိရပါတယ်။ ဒါကြောင့် ချင်းဆန်ရဲစခန်းက မယ်ဆိုင်ရဲစခန်းနဲ့ ပူးပေါင်းပြီး CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ပါတယ်။
CCTV မှတ်တမ်းတွေကနေ မသင်္ကာသူ အမျိုးသားတစ်ဦးကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိခဲ့တဲ့ အနက်ရောင် SUV ကားရှေ့ကနေ အဖြူရောင် ဆီဒင်ကားတစ်စီးက လမ်းကြောင်းရှင်းပေးသလို မောင်းနှင်သွားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဆိုပါယာဉ်တွေဟာ ချင်းရိုင်မြို့ဘက်ကို ဦးတည်မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း ညနေ (၄) နာရီလောက်မှာတော့ လမ်းပန်မြို့ရဲစခန်းက ချင်းဆန်ရဲစခန်းထံ အကြောင်းကြားလာပါတယ်။ လမ်းပန်ဆေးရုံအတွင်း ကားရပ်နားရာနေရာမှာ အသက် (၃၂) နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် (၃၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို ထိန်းသိမ်းထားနိုင်ပြီလို့ သိရပါတယ်။
အဲဒီနှစ်ဦးဟာ နခွန်ရတ်ချာစီမာခရိုင်က လင်မယားတွေဖြစ်ပြီး သူတို့နဲ့အတူ ချွန်ဘူရီလိုင်စင်နံပါတ်တပ်ထားတဲ့ မီးခိုးရောင် ဆီဒင်ကားတစ်စီးကိုလည်း သိမ်းဆည်းထားပါတယ်။ ချင်းဆန်ရဲတပ်ဖွဲ့ကတော့ သူတို့နှစ်ဦးကို ပြန်လည်ခေါ်ဆောင်လာပြီး အသေးစိတ် စစ်ဆေးမေးမြန်းဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိ ကနဦးစုံစမ်းချက်အရ လမ်းကြောင်းရှင်းပေးခဲ့တဲ့ အဖြူရောင် ဆီဒင်ကားကို ချင်းရိုင်မြို့၊ အမှတ် (၂) ကားဂိတ်အနီးမှာ ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားကိုလည်း ရဲတပ်ဖွဲ့က ပြန်လည်ရှာဖွေသိမ်းဆည်းပြီး မူးယစ်ဆေးသယ်ဆောင်မှုနဲ့ ဆက်နွယ်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
လက်ရှိအမှုမှာ ICE မူးယစ်ဆေး (၅၀၀) ကီလိုကျော် ဖမ်းဆီးရမိထားပြီး ဆက်စပ်သံသယရှိသူတွေကို ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

