Language:

ဝန်ပိနေတဲ့ အလုပ်သမား အခန်းငှါးရမ်းနေထိုင်သူတွေနဲ့ လိုင်းခန်းငှါးပိုင်ရှင်တွေရဲ့ ဘဝနှင့်သောကများ


ဝန်ပိနေတဲ့ အလုပ်သမား အခန်းငှါးရမ်းနေထိုင်သူတွေနဲ့ လိုင်းခန်းငှါးပိုင်ရှင်တွေရဲ့ ဘဝနှင့်သောကများ

(သတင်းဆောင်းပါး)

၂၃ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

တာချီလိတ်မြို့မှာ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြည်းဖြည်းကျဆင်းလာတာကြောင့် နေအိမ်လိုင်းခန်း ငှာရမ်းနေထိုင်သူတွေအတွက် အိမ်လစာဟာ လစဥ်အသုံးစရိတ်ထဲက အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါတယ်။

အိမ်ခန်းလစာတွေ ဈေးနှုန်းမြင့်တက်လာသည့် အကြောင်းရင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးနှုန်းများ ဈေးတက်လာရခြင်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်၊ အိမ်ပိုင်ရှင်တွေ ပေးဆောင်ရတဲ့ အခွန်အခနဲ့ အမည်ဖော်ပြလို့မရတဲ့ စရိတ်တွေကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်နေတာဖြစ်ပါတယ်။

အိမ်ပိုင်ရှင်တစ်ယောက်အနေနဲ့ အိမ်းခန်းတစ်ခန်းကို ငှားရမ်းပေးရာကနေ ရရှိတဲ့ငွေတွေကို အခွန်အခအဖြစ် ပြည်တွင်းအခွန်ကို ဝင်ငွေခွန်၊ စည်ပင်ခွန်၊ မြေခွန်၊ အဆောက်အဦခွန်ကဲ့သို့ တရားဝင် အခွန်အခများ ပေးဆောင်နေရာတာတွေရှိသလို လိုင်းခန်းငှါး မီးဘေးအန္တရာယ်အတွက် မီးသတ်ဦးစီးဌာနက လာရောက်ရောင်းချတဲ့ မီးသတ်ဆေးဘူးနဲ့ ရပ်ကွက်မှ ကောက်ခံတဲ့ ပြည်သူ့စစ်မှုထမ်းကြေး၊ ဧည့်စာရင်းတိုင်ခ၊ ဓါတ်တိုင် မီတာဘောက်မှ အိမ်တွင်းသွယ်တန်းထားတဲ့ ဓါတ်အားလိုင်းအတွင်းက ပျောက်ဆုံးမီတာခလို အဖိုးအခတွေလည်း ရှိတယ်လို့ အိမ်ပိုင်ရှင်တွေက ပြောပါတယ်။

“အခန်းငှါး တစ်ဖွဲ့ဆင်းသွားလို့ နောက်တစ်ဖွဲ့ချက်ချင်းတင်လို့မရဘူး။ အခန်းထဲမှာ ပျက်စီးနေတဲ့ မီးသီး၊ မီးချောင်းနဲ့ ရေပိုက်ကအစ ပြန်ပြင်ပေးရတယ်။ တချို့အခန်းငှါးတွေဆို စည်းကမ်းမရှိဘူး။ မီးဖိုးခန်းလိုနေရာနဲ့ တစ်ခန်းလုံး နံရံနဲ့ ကြမ်းပြင်တွေမှာ ညစ်ပတ်နေတာဘဲ။ ဒါဆို ဆေးပြန်သုတ်သင့်တာ သုတ်ပေးရတယ်”လို့ အခန်းငှါးပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အိမ်ခန်းငှားခတွေ ဈေးနှုန်းမြင့်တက်လာရခြင်းကြောင့် အခြေခံအလုပ်သမားတွေဖြစ်တဲ့ ဈေးသည်၊ ဆောက်လုပ်ရေး၊ သန့်ရှင်းဝန်ထမ်းနဲ့ ကျပန်းလုပ်သွားတွေမှာ လစာနှင့် နေစားခရရှိမှုအပေါ် မှီခိုနေရတာဖြစ်ပြီး အိမ်ခန်းခ၊ လျှပ်စစ်မီတာခ၊ ရေဖိုးနဲ့ ကုန်စိမ်းနှုန်းတွေ ဈေးတက်လာသည့်အပြင် စားသောက်စရိတ်နှင့် သွားလာစရိတ်များကြောင့် ဝင်ငွေလျော့နည်းလာကာ လစဥ် အိမ်ခန်းငှားခအတွက် ပေးဆောင်ရချိန်မှာ အခက်အခဲတွေကြုံတွေ့နေရတာ ဖြစ်ပါတယ်။

စီပွားရေးလုပ်ငန်းတွေ ကျဆင်းနေတာကြောင့် မီတာခတွေကိုလည်း မြို့မီးလင်းရေးကော်မတီက လုပ်ငန်းသုံး ပါဝါမီတာကို တစ်ယူနစ်(၇)ဘတ်(၁၀)ပြား ကောက်ခံပြီး အိမ်သုံးမီတာကို မီတာခတစ်ယူနစ်(၅ဘတ် ပြား၈၀)နှုန်းနဲ့ ကောက်ခံသော်လည်း တစ်ချို့အိမ်ခန်းငှားပိုင်ရှင်တွေက မီတာရုံးမှာသွားဆောင်သည့် ဈေးနှုန်းထက် ပိုကောက်နေတာဖြစ်ပြီး မီတာခတစ်ယူနစ်ကို (၁၀)ဘတ်ကနေ(၁၅)ဘတ်အထိ ကောက်ယူနေတာတွေကြောင့် အိမ်ခန်းငှားပိုင်ရှင်တွေကို မီတာခ(၈)ဘတ် တပြေးညီကောက်ခံရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မြို့မီးလင်းရုံးကော်မတီဆီ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အိမ်ခန်းငှားပိုင်ရှင်တစ်ချို့တွေမှာလည်း တာချီလိတ် စီးပွားရေးအခြေအနေကို သိနေတာကြောင့် အခြေခံအလုပ်သမားတွေရဲ့ အခက်အခဲများအား နားလည်ပေးကာ အိမ်ခန်းငှားခများကို လျှော့ပေးတာမျိုးတွေလည်းရှိပြီး “ပါလျံထဲက အိမ်ခန်းငှားတစ်ခုမှာဆိုရင် အလုပ်အဆင်မပြေလို့ အခန်းလစာမပေးနိုင်ပါက အိမ်ပိုင်ရှင်မှ ဒီလအဆင်မပြေရင် နောက်လမှပေါင်းပေးတာမျိုးလည်း လုပ်လို့ရသည့်အပြင် စားဖို့သောက်ဖို့မရှိရင်တောင်မှ အိမ်ပိုင်ရှင်ဖွင့်ထားသည့် မုန့်ဆိုင်မှာ အကြွေးဝယ်ယူတာမျိုးလည်းလုပ်လို့”ရတာဖြစ်တယ်။

တစ်ချို့ အိမ်ခန်းငှား‌ပိုင်ရှင်တွေကတော့ အိမ်ခန်းငှားခတွေကို မလျှော့ပေးပဲ အခွန်ခတွေပေးဆောင်ရတာတွေ မီးသတ်ဌာနမှ လိုင်ခန်းတွေကို မီးသတ်ဆေးဘူး ဝယ်ခိုင်းတာတွေ ပြီးတော့ မိလ္လာကန်ပြည့်ရင် စုပ်ထုတ်ရတာနဲ့ အိမ်ခန်းငှားတွေထွက်သွားရင် အခန်းကိုပြန်လည်ပြုပြင်ထိန်းသိမ်းသည့် ကုန်ကျစရိတ်တွေကြောင့် မလျှော့ပေးတာဖြစ်ပြီး မနေခြင်ရင် ထွက်သွားလို့ရတယ်ဖြစ်ကြောင်း အိမ်ခန်းငှားရမ်းသည့် ပိုင်ရှင်တစ်ချို့က ပြောတာမျိုးလည်း ရှိပါတယ်။

တာချီလိတ်မြို့အတွင်းက တစ်ချို့ဒေသခံတွေ ပြောစကားအရ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီပွားရေးလုပ်ငန်းတွေက ကိုဗစ်-၁၉ ကနေစပြီး လုပ်လို့ကိုင်လို့မကောင်းတော့တာဖြစ်တယ်။

ကိုဗစ်တွေဖြစ်တုန်းကဆို လုပ်ငန်းတွေကရပ်တန့်ထားတော့ အလုပ်တွေကလုပ်မရ ဝင်ငွေတွေကလည်းလျော့နည်းလာတာကြောင့် အိမ်ခန်းငှားခများကို လအလိုက် ရွှေ့ဆိုင်းပေးရန်နှင့် အိမ်ခန်းငှားခများကို ‌ဈေးလျှော့ပေးဖို့ အချိန်ပိုင်းအတွင်း သက်သာခွင်ပေးရန် အိမ်ခန်းပိုင်ရှင်များအား တောင်းဆိုမှုများရှိခဲ့တာဖြစ်ပြီး အိမ်ခန်းငှားပိုင်ရှင်များကလည်း အခြေအနေပေါ်မှုသိကာ အိမ်ခန်းလစာများကို (၅)လကနေ(၈)လအထိလျှော့ပေးခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

ကိုဗစ်ကာလ တဖြည်းဖြည်းပျောက်ကင်းသွားကာ ပြန်လည်တည်ငြိမ်လာပြီး အလုပ်အကိုင်များ ပှံမှန်ပြန်ဖြစ်လာချိန်တွင် နိုင်ငံရေးများဖြစ်ပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် ကုန်ဈေးနှုန်းတွေကလည်း တဖြည်းဖြည်းမြင့်တက်လာသည့်အပြင် စီးပွားရေးလုပ်ငန်းတွေ အရောင်အဝယ်ကျဆင်းလာတာနဲ့အတူ အလုပ်အကိုင်အခွင်လမ်းတွေ နည်းပါးလာတာ ယခုချိန်ထိပဲဖြစ်ပါတယ်။

“စီးပွားရေးကတော့ တစ်မြို့လုံးကို စီးပွားရေးကျနေကြတာ၊ တဖြည်းဖြည်းနဲ့ တာချီလိတ်က နေလို့မကောင်းတော့ဘူး၊ တမြို့လုံး ရေဘေးဒုက္ခရောက်တယ်၊ ပြီးတော့ ထိုင်းဘက်က မီးဖြတ်တယ်၊ အခု စက်သုံးဆီ ဈေးတက်တယ်၊ အလုပ်ကလဲ မပေါတော့ဘူး၊ အခုချိန်မှာ နေမကောင်းရင်တောင် ဆေးခန်းပြဖို့ အခက်ခဲရှိတယ်၊ စားဖို့တောင် အနိုင်နိုင် ဖြစ်နေကြတာ”လို့ ရန်ကုန်မြို့မှ တာချီလိတ်မှာ လာရောက်အခြေချနေထိုင်သူ တစ်ဦးက ပြောပါတယ်။

အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာသည့်အပြင် အလုပ်ရရှိသူများအနေဖြင့်ကလည်း ရရှိသည့်လုပ်ခလစာတွေမှာ နေ့စဉ်စားဝတ်နေရေးအတွက် လုံလောက်မှု မရှိတလို မိသားစုနှင့်အတူ အိမ်ခန်းငှါးရမ်းနေထိုင်သူများအတွက်ကလည်း အိမ်လခမှာ လစဉ်ဝင်ငွေ၏ အဓိကကုန်ကျစရိတ်တစ်ခုဖြစ်လာပြီး လုပ်ခလစာရတာနဲ့ အိမ်လခ၊မီးဖိုး၊ရေဖိုးပေးလိုက်ရင် ပိုက်ဆံက သိပ်မကျန်တေ့ာဘူး မိသားစုကရှိတေ့ာ စားစရိတ်တွေအပြင် ကျန်းမာရေးနှင့် ကလေးကျောင်းစရိတ်တွေကလည်းလိုအပ်တာဖြစ်တယ်။ အိမ်ခန်းခများကို စျေးနှုန်းမြင့်တက်လာရခြင်းက အခြေခံလူတန်းစားများအပေါ် ပိုမိုဖိအားဖြစ်စေသည့်အတွက် အိမ်ခန်းခတွေကို တတ်နိုင်သလောက် နဲနဲပါးပါးလျှောပေးစေချင်ကြောင်း အိမ်ခန်းငှါးရမ်းနေထိုင်သူတွေမှ အိမ်ပိုင်ရှင်တွေကို တောင်းဆိုထားကျတာ ဖြစ်ပါတယ်။

အိမ်ခန်းငှားရမ်းခတွေ ဈေးကြီးနေရသည့် အကြောင်းအရင်းတွေထဲမှာလည်း နယ်စပ်ဖြစ်တဲ့ တာချီလိတ်မြို့ကို လွန်ခဲ့တဲ့ (၂)နှစ်ခန့်က တရုတ်လူမျိုးတွေ အများအပြားဝင်

ရောက်လာခဲ့ကာ ကျားဖြန့်လုပ်ငန်းများနှင့် အွန်လိုင်းဂိမ်းများ လာရောက်လုပ်ကိုင်နေကျတာဖြစ်သည့်အတွက် အိမ်ခန်းငှားနှင့် လုံးခြင်းအိမ်များကို ဈေးကြီးကြီးပေးပြီး ငှားရမ်းခဲ့တဲ့အတွက် အငှါးဈေးကွက် ပျက်သွားကာ ဈေးပြန်မကျခြင်းဖြစ်တယ်လို့လဲ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုပေးနေသူတွေက ဆိုပါတယ်။

“အိမ်ပိုင်ရှင် အခန်းပိုင်ရှင်တွေလဲ နားလည်ဖို့တော့လိုတယ် သူတို့က ဈေးကွက်ကို အရင်လိုဈေးနှုန်းနဲ့ဘဲ တင်းခံထားပြီး ငှါးနေတော့ ငှါးမယ့်သူတွေ မရှိဘူးလေ၊ အဲ့ဒီတော့ အိမ်တွေ အခန်းတွေက လူမရှိဘဲ (၃)လလောက် အလကား လစ်ဟင်းနေတာပေါ့ တကယ်တမ်း ဈေးကွက် ကျရင် ကျသလို ဈေးလျှော့ပြီး ငှါးမှ ရောင်းမှ ရမှာပေါ့၊ အခုတော့ အရင် ကျားဖြန့်တရုတ်တွေကို ငှါးတဲ့ ဈေးနှုန်းနဲ့ ငှါးနေတော့ ဈေးကွက်အေးရတာ”လို့ အိမ်၊ ခြံ၊ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက အတွင်းရေးမှူးဖြစ်သူ ဦးဆန်းဝင်းက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းများနှင့် အွန်လိုင်ဂိမ်းများ ခေတ်စားလာပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်သည့် အလုပ်အကိုင်တွေကို တာချီလိတ်မှာ လူအများအပြား လာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး လူဦးရေများလာကာ အိမ်ခန်းငှားရမ်းလိုသူများပြားလာခဲ့ခြင်းတို့ကြောင့် အိမ်ပိုင်ရှင်တစ်ချို့တွေက အခွင့်အကောင်းယူပြီး လိုင်းခန်းငှားများကိုဈေးနှုန်းမြင်တက်လိုက်သည့်အတွက် အခြေခံလူတန်းစားများမှာ အဆင်မပြေမှုများနဲ့ အခက်အခဲများ ကြုံတွေနေရတာဖြစ်ပြီး ကျားဖြန့်နဲ့ အွန်လိုင်းဂိမ်းတွေကြောင့် အိမ်ခန်းငှားရမ်းခများမှာ ယခင် ဈေးထက် (၂)ဆနီးပါး ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ပါတယ်။

အိမ်ပိုင်ရှင်တွေအနေနဲ့ကလည်း အိမ်ခန်းငှားလုပ်ငန်းနဲ့ပက်သက်ပြီး စည်ပင်တို့နဲ့ စုပေါင်းရုံးတို့မှာ အခွန်အခတွေနဲ့ လုပ်ငန်းလိုင်စင်များ​အပြင် မြေခွန်ခတွေကို နှစ်တိုင်းပေးဆောင်ရတာဖြစ်ပြီး ဌာနဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ရမှာလည်း ဝန်ထမ်းတွေကို ပေးဆောင်ရတဲ့ အပိုငွေကြေးတွေက အခွန်အခထက် ပိုဈေးများနေတာဖြစ်ပြီး ပြုပြင်ထိန်းသိမ်းစရိတ်တွေနဲ့ အာလုံးပေါင်းလိုက်ရင် ကုန်ကျစရိတ်က မနည်းဘူးလို့ အိမ်ခန်ငှားပိုင်ရှင်တွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ သန်ခေါင်စာရင်း အစီရင်ခံစာ မှတ်တမ်းတွေအရ တာချီလိတ်မြို့နယ်အတွင်း လူဦးရေ (၂)သိန်းနီးပါးရှိတယ်လို့ တွက်ချက်ထားပြီး မြို့ပေါ်နေ လူဦးရေ (၁၂၀၀၀၀)ကျော်နဲ့ ကျေးလပ်နေလူဦးရေ (၆)သောင်းကျော်ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ပြည်တွင်းက ပြည်နယ်နဲ့ တိုင်းအသီးသီးက စစ်ဘေးအန္တရာယ်နဲ့ စီးပွားရေး အခက်အခဲကြောင့် တာချီလိတ်မြို့ကို ရွှေ့ပြောင်း အခြေချကာ လာရောက် နေထိုင်သူတွေ များပြားလာတဲ့အတွက် မြို့ပေါ်လူဦရေ (၅)သိန်းနဲ့ (၁)သန်းကြားရှိနိုင်တယ်လို့လဲ မြို့ခံတွေ ဆီက သိရပါတယ်။

လက်ရှိ တာချီလိတ်မြို့မှာ အိမ်ခန်းငှားရမ်းသူများနှင့် အိမ်ခန်းပိုင်ရှင်တွေမှာ နှစ်ဖက်စလုံးက အခက်အခဲများရှိနေသည့်အတွက် အိမ်ငှားခနှုန်ထားများ အခွန်အခများနှင့် လိုင်စင်ကြေးများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ခန်းပိုင်ရှင်များနှင့် ငှားရမ်းနေထိုင်သူများအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပေးရန် လိုအပ်နေတာပဲ ဖြစ်ပါတယ်။

#ဈေးကွက်

#အိမ်ခြံမြေ

#အငှါး

#ရွှေ့ပြောင်း

#လိုင်းခန်းငှါးပိုင်ရှင်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin