Language:

(၁၈)နှစ်ပြည့်တဲ့ လူငယ်တိုင်း အွန်လိုင်းလောင်းကစား အကောင့်ဖွင့်ထားသူ (၄၁)ရာခိုင်နှုန်းရှိတဲ့ နယ်သာလန်နိုင်ငံ


(၁၈)နှစ်ပြည့်တဲ့ လူငယ်တိုင်း အွန်လိုင်းလောင်းကစား အကောင့်ဖွင့်ထားသူ (၄၁)ရာခိုင်နှုန်းရှိတဲ့ နယ်သာလန်နိုင်ငံ

၂၃ သြဂုတ် ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

နယ်သာလန်နိုင်ငံမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကြား လောင်းကစားတာကို ပုံမှန်အပန်းဖြေမှုတစ်ခုလို သဘောထားလာကြတာ တွေ့ရတယ်လို့ နယ်သာလန် လောင်းကစားအာဏာပိုင်အဖွဲ့ (KSA) က ထုတ်ပြန်တဲ့ လေ့လာမှု (၃) ခုမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးတဲ့အချိန်မှာ အွန်လိုင်းလောင်းကစားအကောင့်တွေ အလျင်အမြန်ဖွင့်လာတာကို တွေ့ရပြီး အသက်အလိုက် လောင်းကစားပုံစံတွေမှာလည်း ကွာခြားမှုရှိတယ်လို့ ဆိုပါတယ်။

KSA ရဲ့ စောင့်ကြည့်ရေးဒေတာအရ ၂၀၂၅ ခုနှစ် မေလ (၁) ရက်ကနေ (၇) ရက်အတွင်း အသစ်ဖွင့်ပြီး ငွေထည့်ထားတဲ့ လောင်းကစားအကောင့်ပေါင်း (၁၅,၇၆၁) ခုရှိခဲ့ပါတယ်။

အဲဒီအထဲမှာ အသက် (၁၈) နှစ်ကနေ (၂၄) နှစ်အထိ လူငယ်တွေဖွင့်ထားတဲ့အကောင့်က (၃၃) ရာခိုင်နှုန်းရှိပြီး၊ အဲဒီ လူငယ်အကောင့်တွေထဲမှာ (၄၁) ရာခိုင်နှုန်းက အသက် (၁၈) နှစ်ပြည့်ခါစ လူငယ်တွေ ဖြစ်ပါတယ်။

အထူးသဖြင့် အသက် (၁၈) နှစ်ပြည့်တဲ့နေ့ ဒါမှမဟုတ် မွေးနေ့ပြီးပြီးချင်းမှာ အကောင့်ဖွင့်မှုတွေ သိသိသာသာ တက်လာတာကို တွေ့ရပါတယ်။

၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အသက် (၁၈) နှစ်အရွယ်တွေ ဖွင့်ထားတဲ့ လောင်းကစားအကောင့်တွေရဲ့ (၁၁) ရာခိုင်နှုန်းဟာ မွေးနေ့မှာပဲ ဖွင့်ထားတာဖြစ်ပြီး (၃၈) ရာခိုင်နှုန်းကတော့ မွေးနေ့ပြီး တစ်လအတွင်း ဖွင့်ထားတာဖြစ်ပါတယ်။

လူငယ်တွေ လောင်းကစားစတင်တဲ့နေရာမှာ အားကစားပွဲလောင်းတာက အဓိကဖြစ်မယ်လို့ ယူဆကြပေမယ့် တကယ်တမ်းမှာတော့ (၇၂) ရာခိုင်နှုန်းက ကာစီနိုဂိမ်းတွေကနေ စတင်ခဲ့ကြပြီး အားကစားပွဲလောင်းတာက (၁၁) ရာခိုင်နှုန်းပဲ ရှိပါတယ်။

အသက် (၁၈) နှစ်ကနေ (၂၄) နှစ်အတွင်း လူငယ်တွေဟာ လောင်းကစားစတင်ပြီး ပထမ (၃) လအတွင်း ပျမ်းမျှ တစ်လကို (၄) ရက်လောက် လောင်းကစားကြပါတယ်။

တစ်ရက်အတွက် လောင်းကြေးပမာဏကတော့ ပျမ်းမျှ (၁၁၁) ယူရိုလောက်ရှိပြီး အသက်ကြီးသူတွေထက် နည်းပါတယ်။ အသက်ကြီးသူတွေမှာ တစ်ရက်ပျမ်းမျှ (၂၀၉) ယူရိုလောက်ရှိပါတယ်။

ဒါပေမယ့် အသက် (၁၈) နှစ်အရွယ်တွေက အသက် (၁၉) နှစ်ကနေ (၂၄) နှစ်အရွယ်တွေထက် လောင်းကစားတဲ့အကြိမ်ရေ ပိုများပြီး တစ်ကြိမ်လောင်းတဲ့ ပမာဏကတော့ ပိုနည်းတယ်လို့ လေ့လာမှုက ဆိုပါတယ်။

ငယ်ငယ်ကတည်းက လောင်းကစားနဲ့ ထိတွေ့လာ

Youngworks က ZonMw အတွက် ပြုလုပ်ခဲ့တဲ့ နောက်ထပ်လေ့လာမှုမှာတော့ အသက် (၁၆) နှစ်ကနေ (၂၁) နှစ်အတွင်း လူငယ် (၅၀) ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အဲဒီလေ့လာမှုအရ လူငယ်အများစုဟာ အသက် (၈) နှစ်ကနေ (၁၂) နှစ်အတွင်းမှာ လောင်းကစားနဲ့ ပထမဆုံးထိတွေ့လာကြတာပါ။

အများအားဖြင့် မိသားစုနဲ့အတူ ခရစ္စမတ်ကာလမှာ Scratch Card တွေ ဝယ်တာ၊ ထီထိုးတာ၊ အိမ်မှာ ပျော်ပျော်ပါးပါး လောင်းကြေးသဘောမျိုး ကစားတာတွေကနေ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

အရေးကြီးတာက အဲဒီအချိန်မှာ ကလေးအများစုဟာ သူတို့လုပ်နေတာကို “လောင်းကစား” လို့ မယူဆခဲ့ကြပါဘူး။

အသက် (၁၂) နှစ်ကနေ (၁၄) နှစ်အရွယ်ရောက်လာတဲ့အခါ သူတို့ကိုယ်တိုင် လောင်းကစားတာတွေ စတင်လာပြီး အများအားဖြင့် သူငယ်ချင်းအုပ်စုနဲ့အတူ လုပ်ကြတာဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ လောင်းကြေးထပ်တာ၊ Poker ကစားတာ၊ ဘောလုံးပွဲရလဒ် ခန့်မှန်းလောင်းတာတွေဟာ လူငယ်တွေကြားမှာ ပုံမှန်တွေ့ရတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာပါတယ်။

ဒီလို လူမှုအသိုင်းအဝိုင်းအတွင်းမှာ လောင်းကစားတာကို ပုံမှန်အရာတစ်ခုလို သဘောထားလာစေတယ်လို့ လေ့လာမှုက ဖော်ပြပါတယ်။

အသက်မပြည့်သေးတဲ့ လူငယ်တချို့ဟာလည်း အသက်ကြီးတဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ အွန်လိုင်းလောင်းကစားအကောင့်တွေကို အသုံးပြုပြီး အသက်ကန့်သတ်ချက်ကို ရှောင်ကြပါတယ်။ ငွေစုလောင်းတာတွေကိုလည်း Tikkie လို မိုဘိုင်းငွေပေးချေမှုအက်ပ်တွေကနေ လုပ်ကြတယ်လို့ ဆိုပါတယ်။

TOTO၊ Bet365၊ BetCity နဲ့ Unibet လို လောင်းကစားပလက်ဖောင်းတွေကို လူငယ်တွေကြားမှာ အသုံးများတယ်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

TikTok၊ အားကစားပွဲထုတ်လွှင့်မှုတွေ၊ လမ်းဘေးကြော်ငြာတွေကနေ လောင်းကစားကြော်ငြာတွေကိုလည်း လူငယ်တွေ မကြာခဏတွေ့နေရပါတယ်။

ဒီအခြေအနေကြောင့် နယ်သာလန်အစိုးရက ဇွန်လအတွင်း အွန်လိုင်းလောင်းကစားကြော်ငြာတွေကို အများစုနီးပါး ပိတ်ပင်ဖို့ အဆိုပြုထားပြီး အကန့်အသတ်ရှိတဲ့ ခြွင်းချက်အနည်းငယ်ကိုသာ ခွင့်ပြုဖို့ စီစဉ်ထားပါတယ်။

ကျောင်းသားအများစုကတော့ မကြာခဏ မလောင်းကြ

နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း အသက် (၁၅) နှစ်ကနေ (၂၄) နှစ်အတွင်း MBO ကျောင်းသား (၂၉,၇၂၄) ဦးရဲ့ စစ်တမ်းအချက်အလက်တွေကို လေ့လာထားပါတယ်။

စစ်တမ်းဖြေဆိုသူတွေရဲ့ (၃၂) ရာခိုင်နှုန်းလောက်က လွန်ခဲ့တဲ့ တစ်နှစ်အတွင်း လောင်းကစားခဲ့တယ်လို့ ဖြေထားပါတယ်။

အသက် (၁၅) နှစ်ကနေ (၁၇) နှစ်အတွင်း အရွယ်မရောက်သေးသူတွေထဲမှာ (၂၈) ရာခိုင်နှုန်းက လောင်းကစားခဲ့ပြီး အသက် (၁၈)နှစ်အထက်မှာတော့ (၃၉) ရာခိုင်နှုန်းရှိပါတယ်။

ဒါပေမယ့် ကျောင်းသားအများစုက မကြာခဏ လောင်းကစားတာတော့ မဟုတ်ပါဘူး။ အရွယ်မရောက်သေးသူတွေရဲ့ (၇၄) ရာခိုင်နှုန်းနဲ့ အရွယ်ရောက်သူတွေရဲ့ (၆၁) ရာခိုင်နှုန်းက တစ်နှစ်မှာ တစ်ကြိမ် ဒါမှမဟုတ် အကြိမ်အနည်းငယ်လောက်သာ လောင်းကစားကြတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ ၁၀ ရာခိုင်နှုန်းက တစ်လတစ်ကြိမ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး လောင်းကစားကြပါတယ်။

လောင်းကစားခွင့်ပြုအသက်ကို ၂၄ နှစ်အထိ တိုးဖို့ တောင်းဆို

ဒီလိုအခြေအနေတွေကြောင့် နယ်သာလန်မှာ အွန်လိုင်းလောင်းကစားခွင့်ပြုတဲ့ အနိမ့်ဆုံးအသက်ကို ၁၈ နှစ်ကနေ ၂၄ နှစ်အထိ တိုးမြှင့်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာပါတယ်။

CDA ပါတီက ဒေသခံနိုင်ငံရေးသမား Meryam Sümer က လူငယ်တွေကို လောင်းကစားဆွဲဆောင်မှုနဲ့ အကြွေးပြဿနာတွေကနေ ကာကွယ်ဖို့ အသက်ကန့်သတ်ချက်ကို တိုးမြှင့်သင့်တယ်လို့ တောင်းဆိုထားတာပါ။ ဒါပေမယ့် ဒီအဆိုပြုချက်ဟာ အငြင်းပွားစရာလည်း ဖြစ်နေပါတယ်။

KSA ဥက္ကဋ္ဌကတော့ အသက်ကန့်သတ်ချက်ကို တိုးမြှင့်လိုက်ရင် လူငယ်တွေဟာ တရားမဝင်လောင်းကစားဈေးကွက်ဘက်ကို ပိုမိုရောက်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

သူက “အရွယ်မပြည့်သေးသူတွေတောင် တရားမဝင်လောင်းကစားတွေ လုပ်နေကြတာကို တွေ့နေရပြီ” လို့ ပြောထားပြီး အသက် ၂၁ နှစ်အောက် လူငယ်တွေဟာ တရားမဝင်လောင်းကစားဝန်ဆောင်မှုတွေကို အွန်လိုင်းကနေ အလွယ်တကူ ရရှိနိုင်နေဆဲဖြစ်တယ်လို့ သတိပေးထားပါတယ်။

တစ်ချိန်တည်းမှာပဲ တရားဝင်လောင်းကစားလုပ်ငန်းတွေကတော့ လူငယ်တွေအပေါ် ပိုမိုတင်းကျပ်တဲ့ ကာကွယ်စောင့်ရှောက်ရေး တာဝန်တွေကို လိုက်နာရတာကြောင့် အသက်ကန့်သတ်ချက် တိုးမြှင့်တာဟာ မမျှော်လင့်ထားတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ KSA ဘက်က သဘောထားပေးထားပါတယ်။

လေ့လာမှုတွေအရတော့ နယ်သာလန်မှာ လောင်းကစားဟာ လူငယ်တွေရဲ့ဘဝထဲကို အသက်မပြည့်ခင်ကတည်းက ဝင်ရောက်လာနေပြီး အသက် ၁၈ နှစ်ပြည့်တာနဲ့ အွန်လိုင်းလောင်းကစားကို စတင်အသုံးပြုသူတွေ သိသိသာသာ တိုးလာနေတဲ့ အခြေအနေကို တွေ့မြင်နေရပါတယ်။

အသက်မပြည့်သေးသူတွေက Scratch Card၊ Bingo နဲ့ Slot Machine တွေကို ပိုမိုအသုံးပြုကြပြီး အသက် (၁၈) နှစ်အထက် လူငယ်တွေကတော့ Casino Game၊ Scratch Card နဲ့ Sports Betting တွေကို ပိုမိုနှစ်သက်ကြပါတယ်။

လောင်းကစားတဲ့ အရွယ်မပြည့်သေးသူတွေရဲ့ ထက်ဝက်နီးပါးက ဆိုင်တွေလို လူကိုယ်တိုင်သွားရတဲ့ နေရာတွေမှာပဲ လောင်းကစားကြပါတယ်။ အသက် (၁၈) နှစ်အထက်တွေမှာတော့ လူကိုယ်တိုင်လောင်းကစားတာနဲ့ အွန်လိုင်းလောင်းကစားတာ နှစ်မျိုးစလုံးကို ပေါင်းစပ်အသုံးပြုလာတာ ပိုများပါတယ်။

လောင်းကစားတဲ့ အရွယ်မပြည့်သေးသူတွေရဲ့ ထက်ဝက်နီးပါးနဲ့ အသက် (၁၈) နှစ်အထက် လောင်းကစားသူတွေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ Casino Game၊ Sports Betting နဲ့ Slot Machine လို အန္တရာယ်ပိုများတဲ့ လောင်းကစားအမျိုးအစားတွေမှာ ပါဝင်ကြပါတယ်။

လောင်းကစားနဲ့ပတ်သက်ပြီး ပြဿနာဖြစ်လာနိုင်တဲ့ လက္ခဏာတွေကိုတော့ စစ်တမ်းဖြေဆိုသူတွေရဲ့ (၂) ရာခိုင်နှုန်းခန့်မှာ တွေ့ရပါတယ်။ အွန်လိုင်းလောင်းကစားနဲ့ ထုတ်ကုန်အမျိုးအစားများစွာကို တစ်ပြိုင်တည်း အသုံးပြုသူတွေမှာ အန္တရာယ်ပိုများတယ်လို့ ဆိုပါတယ်။

လောင်းကစားမလုပ်သူတွေထဲမှာတော့ (၉၀) ရာခိုင်နှုန်းက အနာဂတ်မှာလည်း စတင်လောင်းကစားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဖြေထားပါတယ်။ ဒါပေမယ့် အမျိုးသားတွေကတော့ လောင်းကစားစတင်လိုတဲ့ ရည်ရွယ်ချက် ပိုမြင့်မားတာကို တွေ့ရပါတယ်။

#လောင်းကစား

#အွန်လိုင်း

#အသက်အရွယ်

#စစ်တမ်း

#နယ်သာလန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin