Language:

ကလေးမြို့မှာ ကျပ် (၁၅.၅) ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား (၆.၂) သန်း ဖမ်းဆီးရမိ


ကလေးမြို့မှာ ကျပ် (၁၅.၅) ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား (၆.၂) သန်း ဖမ်းဆီးရမိ

၂၃ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ကိုဇက်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ကျပ် (၁၅.၅) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (ATS) (၆.၂)သန်းကို လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဗဟိုကော်မတီ (CCDAC Myanmar) က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၅ ရက် ည ၇ နာရီခွဲခန့်မှာ သတင်းအရ ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာက မျိုးမြင့်နိုင် (ခ)ကိုမျိုးနဲ့ ထွန်းထွန်းနိုင် (ခ) ဗန်လန်မွန်နာ (ခ) စန်ဒယ်ဘားတယ် (ခ) ဘာဒင်တို့ကို စိတ်ကြွဆေးပြား (၆.၂)သန်းနဲ့အတူ ဖမ်းဆီးခဲ့တာပါ။

စစ်ဆေးဖော်ထုတ်ချက်တွေအရ နမ့်စန်မြို့နယ် ပန်လင်းစိုင်းကျေးရွာမှာ နေထိုင်တဲ့ ကျော်မြင့် (ခ) သရှဲကို (ထွက်ပြေးတိမ်းရှောင်နေသူ)က အဆိုပါ စိတ်ကြွဆေးတွေကို စစ်ကိုင်းကနေ ကလေးမြို့အထိ သယ်ယူပို့ဆောင်ဖို့ ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ကလေးမြို့ စမ်းမြို့ရပ်ကွက်မှာ နေထိုင်တဲ့ လာလ်ရိုဒင်ဂါ (ခ) ဒင်းသိ၊ ရန်ကုန်မှာ နေထိုင်တဲ့ မောင်သန်းနဲ့ တီးတိန်မြို့မှာ နေထိုင်တဲ့ အင်ဆွင်းပွမ် (ထွက်ပြေးတိမ်းရှောင်နေသူ) တို့ ၃ ဦးက အဆိုပါ မူးယစ်ဆေးတွေကို ဝယ်ယူခဲ့တာဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုတွေကနေ ပေါ်ပေါက်ခဲ့ပါတယ်။

လက်ရှိမှာ ပါဝင်ပတ်သက်သူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အရေးယူထားပြီး ကွင်းဆက်မှာပါဝင်တဲ့ အခြားဆက်စပ်သူတွေကိုလည်း ဆက်လက်ဖော်ထုတ် စုံစမ်းနေပါတယ်။

ထို့အပြင် မူးယစ်ဆေးရောင်းဝယ်မှုက ရရှိထားတဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့လည်း အရေးယူဆောင်ရွက်နေတယ်လို့ CCDAC Myanmar က ထုတ်ပြန်ထားပါတယ်။

#မူးယစ်ဆေးဝါး

#စိတ်ကြွဆေးပြား

#တရားခံပြေး

#မှုခင်း

#နမ့်စန်

#ကလေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin