လူငယ်(၂)ဦးနှင့် ဆေးခြောက်များ ဖမ်းဆီးရမိ
၂၂ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုရဲ
ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် ပေါင်ဖာမြို့နယ် ဘန်ချောင်ကျေးရွာတွင် ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၁ နာရီခန့်က ပြောင်းဖူးခင်းထဲရှိ အနားယူတဲတွင် လူငယ်အဖွဲ့များ စုဝေးကာ အရက်သောက်ပြီး သီချင်းသံကို ကျယ်ကျယ်ဖွင့်ကာ ဆူညံစွာပျော်ပါးနေတာကြောင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေသဖြင့် ဒေသခံများက ရဲစခန်းကို တိုင်ကြားခဲ့ကြောင်း မယ်ဆိုင်ရဲစခန်းထံမှ သိရပါတယ်။
မယ်ဆိုင်ရဲစခန်းက တိုင်ကြားချက်ရရှိပြီးနောက် ပေါင်ဖာကင်းလှည့်ရဲအဖွဲ့ကို ချက်ချင်းသွားရောက်စစ်ဆေးရန် ညွှန်ကြားခဲ့တာဖြစ်ပြီး ကင်းလှည့်ရဲအဖွဲ့များ ရောက်ရှိသွားချိန်တွင် လူငယ်အုပ်စုမှာ စုဝေးနေပြီး သီချင်းသံကျယ်ကျယ်ဖွင့်သည့်အပြင် ဆေးခြောက်များသုံးစွဲနေတာကိုလည်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ရဲကားများကို မြင်တွေ့သည့်အခါ လူငယ်အချို့မှာ ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားကြသဖြင့် ရဲများက လိုက်လံတားဆီးဖမ်းဆီးခဲ့ရာ နောက်ဆုံးတွင် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူကို ရှာဖွေစစ်ဆေးရာ ဆေးခြောက်နှင့် ဆေးခြောက်သုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး ဖမ်းဆီးထားသူ ၂ ဦးနှင့် သိမ်းဆည်းရမိတဲ့ ပစ္စည်းများကို မယ်ဆိုင်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

