၂၂ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)
NPW
သြဂုတ် ၂၀ ရက်ကပြုလုပ်တဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးမှာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆေးရုံဆေးခန်းတွေမှာ မသန်စွမ်းသူတွေကို တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ပြသနိုင်ဖို့နဲ့ ဦးစားပေးအစီအစဉ်အနေနဲ့ ကုသပေးဖို့၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်ရေးမှုတွေ၊ ဓါတ်ခွဲစမ်းသပ်မှုတွေ၊ ပုံရိပ်ဖော်နည်းပညာနဲ့ ရောဂါရှာဖွေတဲ့အခါမှာ ဦးစားပေးအုပ်စုအနေနဲ့ အခမဲ့ဆောင်ရွက်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်တယ်လို့ ကော်မတီဥက္ကဌလည်းဖြစ်တဲ့ ဒေါ်နန်းနီနီအေးက ပြောပါတယ်။
မသန်စွမ်းသူတွေဟာ သဘာဝဘေးနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း ပိုမိုထိခိုက်ရနိုင်ခြေ မြင့်မားသူတွေဖြစ်လို့ သဘာဝဘေး လျော့ပါးရေးလုပ်ငန်းစဉ်တွေမှာ မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။
မသန်စွမ်းသူတွေအတွက် အများနည်းတူ တူညီတဲ့ အခွင့်အရေးတွေ ခံစားခွင့်ရှိအောင် လုပ်ပေးဖို့လိုပြီး မသန်စွမ်းသူတွေအပေါ် လှောင်ပြောင်သရော်တာတွေ ပပျောက်ဖို့နဲ့ လူ့အခွင့်အရေးအပေါ်အခြေခံတဲ့ အမြင်ပျံ့နှံ့စေဖို့ကိုလည်း ဆောင်ရွက်သွား ကြဖို့လိုတယ်လို့ ဒုတိယသမ္မတက ပြောပါတယ်။
မသန်စွမ်းသူအရေးတွေကို ဆောင်ရွက်တာမှာ လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေးဟာ အရေးကြီးတဲ့အတွက် ဝန်ကြီးဌာနတွေ၊ စည်ပင်သာယာရေး ကော်မတီတွေအနေနဲ့ Myanmar National Building Code နဲ့အညီ သတ်မှတ်ဘတ်ဂျက် ခွင့်ပြုငွေအတွင်း ဦးစားပေးကဏ္ဍတွေ သတ်မှတ် ဖော်ထုတ်ဆောင်ရွက်ပေးဖို့ကိုလည်း ဒေါ်နန်းနီနီအေးက ဆိုပါတယ်။
မသန်စွမ်းမှုအမျိုးအစားအလိုက် ကွဲပြားနေတဲ့ မသန်စွမ်းသူတွေနဲ့ ပြုစုစောင့်ရှောက်ပေးနေတဲ့ မိဘဆွေမျိုးတွေ သိသင့်တဲ့ အချက်အလက်တွေနဲ့ အကူအညီယူဖို့ လိုအပ်တဲ့ အချက်အလက်တွေကို လူထုကို မျှဝေဖို့ကိုလည်း အမျိုးသားကော်မတီက တဆင့်ဆောင်ရွက်ဖို့လည်း ပြောပါတယ်။
မသန်စွမ်းသူတွေ ပညာသင်ယူနိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်း(၉)ကျောင်းဖွင့်လှစ်ထားပြီး အစိုးရရဲ့ ရက် ၁၀၀ အတွင်းမှာလည်း နေပြည်တော်ဥတ္တရသီရိမြို့နယ်မှာ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း တစ်ကျောင်းကို ထပ်ပြီး ဖွင့်ပေး ခဲ့တယ်လို့လည်း သိရပါတယ်။

