၂၂ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
NC
နည်းပြ ကားရစ်အတွက် မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တန်းတက်အသင်း ဟူးစီးတီးနဲ့ ယနေ့ည အစောပိုင်းပွဲစဉ်မှာ အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ယာကီရိုဗစ်ရဲ့ ဟူးစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးနောက် ကစားသမား ၁၁ ဦးအထိ အင်အားဖြည့်တင်းထားသလို အသင်းအတွင်း အပြောင်းအလဲတွေလည်း အများအပြား ပြုလုပ်ထားပါတယ်။ ဒါပေမယ့် ကစားသမားအင်အား၊ အတွေ့အကြုံနဲ့ နည်းဗျူဟာပိုင်းတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မန်ယူအသင်းက အသာစီးရရှိနေပါတယ်။
မန်ယူအသင်းမှာ နောက်ခံလူ ဒီလစ်နဲ့ အူဂါတေးတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်သလို ဆက်စ်ကိုနဲ့ မေဆန်မောင့်တို့လည်း ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဟူးစီးတီးဘက်မှာလည်း ကွင်းလယ်ကစားသမား ၅ ဦးနဲ့ ခံစစ်ကစားသမား ၃ ဦးအထိ ဒဏ်ရာရရှိထားတာကြောင့် ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ အခက်အခဲရှိလာနိုင်ပါတယ်။
ယာကီရိုဗစ်ဟာ ဘောလုံးပိုင်ဆိုင်မှုကို အဓိကထားတဲ့ ကစားဟန်ထက် ကြံ့ခိုင်မှုပိုင်းကိုအားကိုးပြီး တိုက်ရိုက်ကစားတဲ့ပုံစံကို ပိုမိုအသုံးပြုတတ်တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယခင်က Low Block ခံစစ်နဲ့ တိုက်ရိုက်ကစားပြီး ရုပ်ပိုင်းဆိုင်ရာအားကိုးတဲ့ အသင်းငယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရုန်းကန်ခဲ့ရဖူးပါတယ်။
ဒါပေမယ့် နည်းပြ ကားရစ် ကိုင်တွယ်ပြီးနောက်ပိုင်းမှာ မန်ယူအသင်းရဲ့ ကစားကွက်ပိုင်း တိုးတက်လာသလို အနိုင်ရသင့်တဲ့ပွဲတွေကို အမှားအယွင်းနည်းနည်းနဲ့ အနိုင်ယူနိုင်တဲ့အသင်းအဖြစ် ပြောင်းလဲလာပါတယ်။
ဟူးစီးတီးရဲ့ ကစားသမားသစ်တွေကြား အချိတ်အဆက်မိဖို့ အချိန်ယူရနိုင်သလို ဒဏ်ရာရကစားသမား များပြားနေမှုကလည်း မန်ယူအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဖာနန်ဒက်စ်၊ ကူညာ၊ အမ်ဘူမိုနဲ့ အာမတ်တို့ရဲ့ တိုက်စစ်ပိုင်း ပူးပေါင်းမှုက ဒီပွဲမှာ အရေးကြီးလာမှာပါ။
အခြေအနေအရ မန်ယူအသင်းဟာ အဝေးကွင်းဖြစ်ပေမယ့် ပွဲကို ထိန်းချုပ်နိုင်ပြီး ဟူးစီးတီးကို ဂိုးပြတ်အနိုင်ရရှိသွားနိုင်ပါတယ်။ မန်ယူအသင်းအနေနဲ့ ၀-၃ ဒါမှမဟုတ် ၁-၃ ရလဒ်မျိုးနဲ့ အနိုင်ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

