၂၁ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
လာအိုနိုင်ငံ ဗီယင်ကျင်မြို့ရှိ လာအို–ထိုင်း ချစ်ကြည်ရေးအမှတ် (၁) တံတားမှ အွန်လိုင်းမှ ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အွန်လိုင်း လောင်းကစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား (၆၄)ဦးကို ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့က ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း လာအိုနိုင်ငံသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို လာအိုနိုင်ငံ ဗီယင်ကျင်မြို့၊ ဟတ်ဆိုင်ဖောင်းမြို့နယ်၊ ဒုံဖိုစီကျေးရွာရှိ ST VEGUS ကုမ္ပဏီ အဆောက်အအုံကို ဇူလိုင် (၁၈) ရက်က ဝင်ရောက်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ ထိုင်းနိုင်ငံသား အမျိုးသား (၃၆)နှင့် အမျိုးသမီး (၂၈)ဦးပါဝင်ပြီး လာအိုအာဏာပိုင်တွေက ဖမ်းဆီးခံထားရသူတွေကို ထိုင်းအာဏာပိုင်တွေထံ လွဲပြောင်းပေးအပ်ပြီး ထိုင်းနိုင်ငံမှ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လာအို–ထိုင်း ချစ်ကြည်ရေးအမှတ် (၁)တံတားမှာ လာအိုနယ်စပ်ဝင်ထွက်စစ်ဆေးရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံပြီး လွှဲပြောင်းရေး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ဩဂုတ်လ (၂၀) ရက်မှာလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှု နဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား (၇) ဦးကို လာအို–ထိုင်း ချစ်ကြည်ရေး အမှတ် (၄) တံတား မှာ ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဌာန ထံ လွှဲပြောင်းပေးခဲ့ပြီး ထိုင်းဘက်ကဥပဒေနှင့်အညီ အမှုဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

