Language:

ဟင်္သာတမြို့နယ်တွင် အငြိမ်းစားကျောင်းအုပ်ဆရာမကြီးတစ်ဦး ပစ္စည်းလု သတ်ဖြတ်ခံရ


ဟင်္သာတမြို့နယ်တွင် အငြိမ်းစားကျောင်းအုပ်ဆရာမကြီးတစ်ဦး ပစ္စည်းလု သတ်ဖြတ်ခံရ

၂၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်ထဲက နဲမနိတ်ကျေးရွာမှာ တစ်ဦးတည်းနေထိုင်တဲ့ အငြိမ်းစားကျောင်းအုပ်ဆရာမကြီးတစ်ဦး နေအိမ်အတွင်း သတ်ဖြတ်ခံရကာ ပစ္စည်းများလုယူသွားတဲ့ ဖြစ်စဉ်တစ်ခု မနေ့က သြဂုတ်(၂၁)ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသက် (၇၂)နှစ်အရွယ် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းဟာ မနေ့က ဩဂုတ် (၂၁)ရက် မနက်ပိုင်းမှာ ဥပုဒ်သွားစောင့်ခဲ့ပြီး နေ့လယ်ပိုင်းတွင် နေအိမ်သို့ ပြန်လာစဉ် နေအိမ်အတွင်း ပစ္စည်းဝင်ခိုးနေတဲ့ သူခိုးက ဆရာမကြီးအား သတ်ဖြတ်သွားတာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးက အရှေ့သံလွင်ကို ပြောပါတယ်။

“ရှားခဲ /နဲမနိတ်ပေါ့။ ဥပုဒ်ကျောင်းက ပြန်လာတော့ အိမ်မှာ အပျိုကြီးဆိုတော့ သူတစ်ယောက်တည်းပဲ ရှိတယ်ထင်ပါတယ်။ အဲဒါ ပြန်လာတော့ အိမ်မှာဖောက်နေတာနေမှာပေါ့။ သူတွေ့လည်းတွေ့ရော သူ့ကိုသတ်ခဲ့တာ ။ နေ့ခင်းပိုင်းပေါ့” လို့ အဲဒီဒေသခံပြောပါတယ်။

သေဆုံးသွားတဲ့ အငြိမ်းစားကျောင်းအုပ် ဆရာမကြီးဟာ ဟင်္သာတမြို့နယ် ၊ ကြက်တူရွေးရွာ ဇာတိဖြစ်ပြီး လက်ရှိတွင် ရှားခဲတိုက်နယ်နားက နဲမနိတ်ရွာမှာ တစ်ဦးတည်းနေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆရာမကြီးဟာ အ.ထ.က သောင်ကြီး၌ ၂၀၀၂ – ၂၀၀၃ ခုနှစ်တွင် ကျောင်းအုပ်ဆရာမကြီး တာဝန်ထမ်ဆောင်ဖူးပြီး အိုင်သပြုကျောင်းတွင်လည်း နှစ်ပေါင်း (၃၀)လောက် တာဝန်ကျဖူးတယ်လို့ သိရပါတယ်။

လည်ပင်းကို သရေကြိုးနဲ့ ပတ်ထား၍ သေဆုံးနေတဲ့ ဆရာမကြီးရဲ့ ရုပ်အလောင်းကို နေအိမ်ရေချိုးခန်းအတွင်း မှောက်လျက် အနေအထားနဲ့တွေ့ရတယ်လို့ ဒေသခံတွေဆီကသိရပြီး လက်ရှိမှာ ဟင်္သာတဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့လည်း သိရပါပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

#မှုခင်း

#ကျောင်းအုပ်ဆရာမကြီး

#အငြိမ်းစား

#နဲမနိတ်ကျေးရွာ

#ဟင်္သတခရိုင်

#ဧရာဝတီ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin