Language:

တောင်ကိုရီးယားက မြန်မာရှိ ပဋိပက္ခဒဏ်ခံ ပြည်သူတွေအတွက် ကန်ဒေါ်လာ ၅ သန်း WFP ကတဆင့် ကူညီ


တောင်ကိုရီးယားက မြန်မာရှိ ပဋိပက္ခဒဏ်ခံ ပြည်သူတွေအတွက် ကန်ဒေါ်လာ ၅ သန်း WFP ကတဆင့် ကူညီ

၂၂ သြဂုတ် ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

မြန်မာနိုင်ငံက ပဋိပက္ခဒါဏ် ခံစားနေရတဲ့ ပြည်သူ ၁၄၀,၀၀၀ အတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီနဲ့ အသက်ငါးနှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် (၁၅,၀၀၀)ဦးအတွက် အာဟာရဆိုင်ရာ အထောက်အပံ့တွေပေးနိုင်ဖို့ ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၅ သန်းခန့် ပံ့ပိုးသွားမယ်လို့ သိရပါတယ်။

ဒါဟာ “ပဋိပက္ခဒဏ်ခံစားရသော အိမ်ထောင်စုများအတွက် အရေးပေါ်အကူအညီဖြင့် တုံ့ပြန်ခြင်း” ဟု အဓိပ္ပါယ်ရတဲ့ ဒီ REACH အစီအစဥ်က‌တဆင့် ကိုရီးယား သမ္မတနိုင်ငံနဲ့ WFP မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတို့ကို လျှော့ချနိုင်ရေးအတွက် ရပ်ရွာလူထုနဲ့ လက်တွဲပြီး လုပ်ဆောင်ကြတာဖြစ်တယ်လို့ WFP မြန်မာက မနေ့က ဩဂုတ်လ (၂၁)ရက်မှာ ကြေညာထားပါတယ်။

ဒီအစီအစဥ်ရဲ့ ပထမအဆင့်မှာ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် ကူညီနိုင်ခဲ့တဲ့အတွက် ကိုရီးယားသမ္မတနိုင်ငံဟာ မြန်မာနိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် အကူအညီတွေကို ပိုမိုတိုးမြှင့်ပေးအပ်နိုင်ဖို့ REACH အစီအစဥ် ဒုတိယအဆင့်ကို စတင်ဆောင်ရွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေတဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံပံ့ပိုးခဲ့တာဖြစ်တယ်လို့ WFP မြန်မာကဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာ လူဦးရေ (၁၂.၄)သန်းဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရသလို လူဦးရေ (၄) သန်းဝန်းကျင်ဟာလည်း နေရပ်စွန့်ခွာတိမ်း ရှောင်နေရဆဲဖြစ်တယ်လို့ WFP မြန်မာက သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိမြင့်မားနေတဲ့ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေပါက ထပ်တိုးလူဦးရေ (၅)သန်းအထိ စားနပ်ရိက္ခာမလုံလောက်မှုအခြေအနေကို ရင်ဆိုင်ရနိုင်ခြေရှိပြီး နိုင်ငံတစ်ဝန်း၌ ဝမ်းရေးအကျပ်အတည်းများ ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ REACH အစီအစဥ် ပထမအဆင့်မှာ မြန်မာနိုင်ငံတစ်ဝန်းက လူဦးရေ (၄၂၀,၀၀၀) ကျော်ဆီ အကူအညီတွေ ပေးအပ်နိုင်ခဲ့ပြီး လက်ရှိ ဘေးဒုက္ခ ထိခိုက်ခံစားနေရတဲ့ မိသားစုတွေထံ အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီတွေ ဆက်လက်ပေးအပ်သွားနိုင်ဖို့ ကိုရီးယားသမ္မတနိုင်ငံ နဲ့ WFP က အလေးထားဆောင်ရွက်သွားမယ်လို့လည်း WFP မြန်မာက ပြောဆိုထားပါတယ်။

#WFP

#ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်

#တောင်ကိုရီးရီး

#စစ်ဘေးဒဏ်

#ဘေးအန္တရာယ်

#မြန်မာနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin