၂၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
ဗဟိုအာဖရိကနိုင်ငံ အနောက်ပိုင်း ကျေးရွာငယ်တစ်ခုမှာ မြေပြိုမှုကြောင့် သမရိုးကျရွှေတူးဖော်ရေး မိုင်းတွင်းတစ်တွင်း ကျွံဝင်သွားပြီးနောက် လူ ၁၀၀ ကျော် သေဆုံးကြောင်း ဒေသဆိုင်ရာ အရာရှိတွေနဲ့ အကူအညီပေးရေးလုပ်သားများက သြဂုတ်လ (၂၀)ရက်က ပြောကြားပါတယ်။
ကင်မရွမ်းနယ်စပ်အနီး ဘာဘော်အာမြို့နဲ့ (၃၁)မိုင်အကွာ ဇမ်ဘိုယီကျေးရွာမှာ သြဂုတ်လ (၁၉)ရက်နေ့လည်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လူမှုမီဒီယာပေါ်မှာဖော်ပြထားတဲ့ ဗီဒီယိုဖိုင်တွေမှာ သဲတွေပြိုကျပြီး မိုင်းတွင်းလုပ်သားတွေ ဖြစ်ပုံရတဲ့ လူတွေအပေါ် ဖုံးအုပ်သွားတာ မြင်တွေ့ရပါတယ်။
ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးရဲ့ ကြေညာချက်မှာ မြေကြီးအောက် ပိတ်မိနေသူ အများကြီးရှိကြောင်း ဖော်ပြထားပါတယ်။
အဆိုပါကြေညာချက်မှာ ထိခိုက်သေဆုံးသူ အရေအတွက်ကို ဖော်ပြမထားပါဘူး။
ဒါပေမဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ ကြက်ခြေနီအဖွဲ့ စေတနာ့ဝန်ထမ်း ဂါးဗီးယကစ် ဂါနာဂိုရို့က ပြိုကျတဲ့နေရာက အလောင်း (၁၀၀)ကျော် ရှာတွေ့ထားတယ်လို့ အေအက်ဖ်ပီ သတင်းဌာနသို့ သြဂုတ်လ (၂၀)ရက်က ပြောကြားပါတယ်။
ဒေသတွင်း မိုင်းတွင်းလုပ်ငန်းအဖွဲ့အစည်း အကြီးတန်းအရာရှိတစ်ဦးက အဆိုပါအရေအတွက်ကို ရိုက်တာသတင်းဌာနသို့ အတည်ပြုထားပါတယ်။
အဆိုပါဖြစ်ရပ်ကို အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေကြောင်း ဗဟိုအာဖရိက ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဘာဘော်အာမြို့ အစိုးရရှေ့နေရုံး ဒုတိယအရာရှိတစ်ဦးက မိုင်းတွင်းလုပ်သားတွေ အလုပ်လုပ်နေတဲ့ မြေအောက်လှိုင်ခေါင်းတွေ ပြိုကျမှုကြောင့် အထက်ပါဖြစ်ရပ် ဖြစ်ရတာလို့ ယုံကြည်ရကြောင်း မီဒီယာသို့ပြောကြားပါတယ်။
မြေကြီး လုံးဝပြိုကျသွားပြီး လူတွေနစ်မြုပ်သွားခဲ့တယ်လို့ အဆိုပါ မိုင်းတွင်းနေရာရှိ မိုင်းတွင်းလုပ်သား စီဒရစ်အမ်ဘန်ဂိုက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားပြီး ကပ်ဆိုးတစ်ခုလို ကြုံခဲ့ရတာလို့ ပြောပါတယ်။
ဗဟိုအာဖရိက နိုင်ငံသားတွေနဲ့ ကင်မရွမ်းနိုင်ငံသားတွေလို့ ယုံကြည်ရတဲ့ မိုင်းတွင်းလုပ်သားတွေထဲက အသက်ရှင်ကျန်သူတွေကို ရှာဖွေရေး အလောင်းများအား သယ်ထုတ်ရေး ကယ်ဆယ်ရေး လုပ်သားတွေ အလျင်အမြန် လှုပ်ရှားဆောင်ရွက်နေကြပါတယ်။
ကင်မရွမ်းနိုင်ငံ အရှေ့ပိုင်းဒေသရှိ အာဏာပိုင်တွေက အဆိုပါဖြစ်ရပ်အတွင်း သေဆုံးသူတွေထဲမှာ သူတို့နိုင်ငံသား အနည်းဆုံး (၃)ဦးပါဝင်တယ်လို့ ပြောကြားပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဂရီဂိုရီအမ်ဗွန်ဂိုက ဒီဝမ်နည်းစရာဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအခြေအနေကို ဖြေရှင်းရေး ဗဟိုအာရိက အရာရှိတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သြဂုတ်လ (၁၉)ရက်က ပြောကြားပါတယ်။
အသက်ရှင်လျက်တွေ့ရှိသူ မရှိသလောက် နည်းနိုင်တယ်လို့ ဇမ်ဘိုယီ လူငယ်ကောင်စီအဖွဲ့ဝင်တစ်ဦးက ပြောကြားပါတယ်။
သေဆုံးသူ အရေအတွက် ယခုထက် ပိုများလာဖွယ်ရှိတယ်လို့လည်း သူက ပြောကြားပါတယ်။ မိုင်းတွင်း ကျွံဝင်မှု ဖြစ်ပွားချိန်က မိုင်းတွင်းထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား အရေအတွက် အတိအကျကို မသိရ ပါဘူး။
သမရိုးကျနည်းလမ်းနဲ့ မိုင်းတွင်း တူးဖော်မှုတွေကို ရာဇဝတ်မှု အဖြစ် သတ်မှတ်ထားပေမယ့် အာဖရိကရဲ့ ဒေသများစွာမှာ အသေစား မိုင်းတွင်းတွေ ဟာ တွေ့နေကျ ဖြစ်ပါတယ်။
အလုပ်လက်မဲ့ ဖြစ်မှုကြောင့် ကိုယ်ကာယ သန်စွမ်းသူတွေ အနေနဲ့ စွန့်ပစ်ထားတဲ့ မိုင်းတွင်းတွေ သို့မဟုတ် အသုံးမပြုတော့တဲ့ မိုင်းတွင်းတွေမှာ သွားရောက် အလုပ်လုပ်နေကြ ပါတယ်။
အဲဒီလို မိုင်းတွင်းတွေမှာ ဘေးကင်းရေး စည်းကမ်းလိုက်နာမှု အားနည်းတာကြောင့် မကြာခဏဆိုသလို အခုလို ဖြစ်ရပ်မျိုးတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။
ယခုနှစ် တစ်နှစ်တည်း အတွင်း ဗဟို အာဖရိကမှာ မိုင်းတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် လူ (၄၀)ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

