၂၁ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
မြောက်ကိုရီးယားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သံတမန်ရေးပြန်လည်စတင်ဖို့ ရည်ရွယ်တဲ့ အရေးယူဆောင်ရွက်မှုကို ပယ်ချခဲ့ပြီး တစ်ရက်အကြာ ကြာသပတေးနေ့မှာ ပင်လယ်ဘက်ကို တာတိုပစ် ဘယ်လစ်စတစ်ဒုံးကျည် (၁၀) စင်းခန့် ဆက်တိုက်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ရဲ့ ထုတ်ပြန်ချက်အရ ဒုံးကျည်တွေကို မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအနီးဒေသကနေ ဒေသစံတော်ချိန် ညနေ (၅) နာရီဝန်းကျင်မှာ ပစ်လွှတ်ခဲ့တာဖြစ်ပြီး တစ်စင်းချင်းစီဟာ ကီလိုမီတာ (၃၀၀) ခန့် ပျံသန်းကာ မြောက်ကိုရီးယားအရှေ့ဘက် ပင်လယ်ထဲကို ကျရောက်ခဲ့ပါတယ်။
ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားက စောင့်ကြည့်ထောက်လှမ်းရေး အဆင့်ကို မြှင့်တင်ထားသလို အမေရိကန်နဲ့ ဂျပန်တို့နဲ့လည်း အချက်အလက်တွေကို အနီးကပ် မျှဝေညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီကလည်း မြောက်ကိုရီးယားကို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရုံးကလည်း အစောပိုင်းမှာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တယ်လို့ ယူဆရတဲ့ အချက်ပြမှုကို တွေ့ရှိထားကြောင်း ပြောဆိုခဲ့ပါတယ်။
Trump လျှော့ချလိုက်တဲ့ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား ပယ်ချ
ဒီဖြစ်ရပ်မတိုင်ခင် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို တောင်ကိုရီးယားနဲ့ နှစ်စဉ်ပူးတွဲကျင်းပတဲ့ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို “သိသိသာသာ လျှော့ချဖို့” ညွှန်ကြားခဲ့ပါတယ်။
ထရမ့်က သူနဲ့ ကင်ဂျုံအွန်ကြား ဆက်ဆံရေးကောင်းမွန်နေဆဲဖြစ်ကြောင်း၊ အီရန်စစ်ပွဲကိစ္စမှာ တောင်ကိုရီးယားက သူ့ကို မထောက်ခံခဲ့တာကိုလည်း အကြောင်းပြချက်အဖြစ် ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေကတော့ မူလ (၁၁) ရက်ကြာ ကျင်းပမယ့် လေ့ကျင့်မှုကို အချိန်တစ်ဝက်နီးပါး လျှော့ချပြီး မြေပြင်စစ်ရေးလေ့ကျင့်မှု အချို့ကိုလည်း ဖျက်သိမ်းခဲ့ကြောင်း အတည်ပြုထားပါတယ်။
ဒါပေမယ့် ဒီလျှော့ချမှုကြောင့် နှစ်နိုင်ငံ ပူးတွဲကာကွယ်ရေး အဆင်သင့်ဖြစ်မှု အားနည်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ပေါ်ပေါက်နေပါတယ်။
Kim Yo Jong – “အရွယ်အစားလျှော့လည်း ရန်လိုသဘော မပြောင်းဘူး”
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ညီမဖြစ်သူ Kim Yo Jong ကတော့ ထရမ့်ရဲ့ ကမ်းလှမ်းချက်ကို ပြင်းပြင်းထန်ထန် မတုံ့ပြန်ပေမယ့် စစ်ရေးလေ့ကျင့်မှုရဲ့ သဘောသဘာဝက မပြောင်းလဲဘူးလို့ ပြောပါတယ်။
“စစ်ရေးလေ့ကျင့်မှုရဲ့ ရန်လိုပြီး လှုံ့ဆော်တဲ့ သဘောသဘာဝဟာ အချိန်တိုသွားတာ၊ အရွယ်အစားလျှော့သွားတာနဲ့ မပြောင်းလဲနိုင်ဘူး” လို့ Kim Yo Jong က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။
အမေရိကန်က ဒီလျှော့ချမှုကို “စေတနာကောင်း” အဖြစ် သတ်မှတ်ပြီး မြောက်ကိုရီးယားဘက်က အပြန်အလှန်တုံ့ပြန်မယ်လို့ မျှော်လင့်ရင် လိုချင်တဲ့ အဖြေကို ရမှာမဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပြောခဲ့တဲ့ “ကင်ဂျုံအွန်က စကားပြောဖို့ တုံ့ပြန်ထားတယ်” ဆိုတဲ့ ပြောဆိုချက်ကိုလည်း ငြင်းဆိုခဲ့ပါတယ်။
Trump – “ဒီနှစ် Kim Jong Un နဲ့ တွေ့မယ်”
သတင်းထောက်တွေက “ဒီနှစ်အတွင်း ကင်ဂျုံအွန်နဲ့ တွေ့မလား” လို့ မေးမြန်းရာမှာ ထရမ့်က
“တွေ့မယ်၊ ဟုတ်တယ်၊ တွေ့မယ်” လို့ ပြန်ဖြေခဲ့ပါတယ်။
ဒါပေမယ့် ကင်ဂျုံအွန်နဲ့ စာပေးစာယူ လုပ်နေသလားဆိုတဲ့ မေးခွန်းကိုတော့ တိုက်ရိုက်မဖြေဘဲ “သူနဲ့ ကျွန်တော် အဆင်ပြေပါတယ်” လို့သာ ပြောဆိုခဲ့ပါတယ်။
နျူကလီးယား ဆွေးနွေးပွဲ ပြန်စဖို့ ခက်ခဲနေဆဲ
Ulchi Freedom Shield လေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ ကျူးကျော်နိုင်ခြေကို ရင်ဆိုင်နိုင်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နှစ်စဉ်ကျင်းပတဲ့ အဓိက စစ်ရေးလေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားက အဲဒီလေ့ကျင့်မှုဟာ ကာကွယ်ရေးအတွက်သာ ဖြစ်တယ်လို့ ပြောပေမယ့် မြောက်ကိုရီးယားကတော့ သူတို့ကို ကျူးကျော်ဖို့ ကြိုတင်ပြင်ဆင်တဲ့ လေ့ကျင့်မှုလို့ စွပ်စွဲပြီး မကြာခဏ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ တုံ့ပြန်လေ့ရှိပါတယ်။
ထရမ့်နဲ့ ကင်ဂျုံအွန်တို့ရဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ် သံတမန်ရေး ဆွေးနွေးပွဲတွေဟာ အရေးယူပိတ်ဆို့မှု လျှော့ပေါ့ရေးနဲ့ နျူကလီးယားစက်ရုံ ဖျက်သိမ်းရေး အပေးအယူ မညီမျှမှုကြောင့် ၂၀၁၉ ခုနှစ်မှာ ပျက်ပြားသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကင်ဂျုံအွန်က အမေရိကန်နဲ့ ဆွေးနွေးပွဲတွေကို ရှောင်ရှားလာပြီး နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်ကို ဆက်လက်တိုးမြှင့်ခဲ့သလို ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုလည်း ချဲ့ထွင်လာခဲ့ပါတယ်။
နိုင်ငံရေးသုံးသပ်သူတွေကတော့ လက်ရှိအချိန်မှာ မြောက်ကိုရီးယားဟာ ၂၀၁၈–၂၀၁၉ ကာလထက် ညှိနှိုင်းရေးမှာ အားသာချက် ပိုရှိနေပြီး နျူကလီးယားလက်နက်ပိုင် နိုင်ငံအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ အရေးယူပိတ်ဆို့မှု လျှော့ပေါ့မှုကို ရယူဖို့ ရည်ရွယ်နေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

