၂၁ ဩဂုတ်လ ၂၀၂၆ (Eastren Thanlwin)
Nc
Hui Ka Yan (ခ) ဆုကျားရင်(Xu Jiayin) ဟာ ၁၉၉၆ ခုနှစ်မှာ China Evergrande Group ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံး အိမ်ခြံမြေ ကုမ္ပဏီတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ (၄၅.၃) ဘီလီယံ အထိရှိခဲ့ပြီး တရုတ်နိုင်ငံအပါအဝင် အာရှမှာပါ အချမ်းသာဆုံးပုဂ္ဂိုလ်အထိ ဖြစ်လာခဲ့တာပါ။
၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ တရုတ်ရဲ့ အိမ်ခြံမြေ ပူဖေါင်းပေါက်ပြီး ဈေးကွက်ကျဆင်းလာတာကြောင့် အဲဗာဂရန်ဒီ(Evergrande) ဟာလဲ ကြွေးမြီပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။
ကုမ္ပဏီရဲ့ အကြွေးအလွန်အကျွံယူထားခြင်း၊ အိမ်အသစ်များ ရောင်းအားကျဆင်းခြင်း၊ တရုတ်အစိုးရရဲ့ “Three Red Lines” အကြွေးကန့်သတ်မူဝါဒတွေကြောင့် ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားကာ ကြွေးမြီပေးချေမှု စတင်ပျက်ကွက်လာခဲ့ရာ ကုမ္ပဏီရဲ့ စုစုပေါင်းကြွေးမြီမမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀၀) ကျော်ရှိခဲ့ပြီး တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် အကျပ်အတည်းကို ပိုမိုပြင်းထန်စေခဲ့ပါတယ်။
Hui Ka Yan (ခ) ဆုကျားရင်(Xu Jiayin) ရဲ့ Evergrande ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ဘဏ္ဍာရေး အချက်အလက်တွေကို လိမ်လည်ဖော်ပြပြီး ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးအမြတ်များကို ပြသကာ အကြွေးတွေကို ဖုံးကွယ်ခဲ့ပြီး ကြွေးမြီပေးချေရန် ပျက်ကွက်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ်မှာ တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
ရှန်ကျန်းမြို့ တရားရုံးက Hui Ka Yan (ခ) ဆုကျားရင်(Xu Jiayin)ကို ရန်ပုံငွေရှာဖွေရာမှာ လိမ်လည်မှု၊ ကုမ္ပဏီရန်ပုံငွေများကို မမှန်မကန်အသုံးပြုမှု၊ တရားမဝင် အပ်ငွေလက်ခံမှု၊ တရားမဝင် ချေးငွေထုတ်ပေးမှု Securities လိမ်လည်ထုတ်ဝေမှု၊ လာဘ်ပေးလာဘ်ယူမှုတွေပါဝင် ပြစ်မှု (၈) ခုနဲ့ တရားစွဲဆိုထားခဲ့ပါတယ်။
သူ့အပေါ် စွဲဆိုထားတဲ့ ပြစ်မှု (၈)ခုကို ပြီးခဲ့တဲ့ ဧပြီလက အပြစ်ရှိကြောင်း ဝန်ခံလိုက်တဲ့အတွက် Hui Ka Yan အသက် (၆၇) နှစ်ကို ထောင်ဒဏ်တစ်သက်တကျွန်း
အပြင် ပိုင်ဆိုင်မှုတွေ သိမ်းဆည်းပြီး၊ Evergrande ကုမ္ပဏီကို ယွမ် (၈.၈၂) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၁ ဘီလီယံခန့်) ဒဏ်ငွေချမှတ်ခဲ့ပြီး အဓိကလုပ်ငန်းခွဲဖြစ်တဲ့ Hengda Real Estate ကိုလည်း ယွမ် (၇) ဘီလီယံ ဒဏ်ငွေချမှတ်ခဲ့ကာ Evergrande နဲ့ ဆက်စပ်သူ (၅၆) ဦးကိုလည်း (၆) နှစ်မှ (၁၈) နှစ်အထိ ထောင်ဒဏ်များ ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

