၂၀ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)
NPW
သမ္မတဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ (၁၂) ခုကို လက်မှတ်ထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ ယခုခရီးစဉ်အတွင်းမှာ သဘောတူစာချုပ်၊ နားလည်မှုစာချွန်လွှာ (၁၂) ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ် ” လို့ ဦးမင်းအောင်လှိုင်က ရုရှားနိုင်ငံမှာ မီဒီယာတွေနဲ့ တွေ့ဆုံတာမှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ (၁၂)ခုမှာ နှစ်နိုင်ငံကြား တစ်ဖက်သတ် အကျပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ ဆိုးရွားတဲ့သက်ရောက်မှုတွေကို တုံ့ပြန်ဖြေရှင်ရန် နည်းလမ်းတွေနဲ့ပတ်သက်တဲ့ ကြေညာချက်၊ လျှပ်စစ်စွမ်းအားကဏ္ဍနဲ့ ရေနံနှင့် သဘာဓါတ်ငွေ့ကဏ္ဍတွေအတွက်နား လည်မှုစာချွန်လွှာ၊ ရေဒီယိုအီလက်ထရောနစ်လုပ်ငန်းနဲ့ ဒီဂျစ်တယ် နည်းပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ၊ ယဉ်ကျေးမှုနဲ့ အနုပညာနယ်ပယ်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးနားလည်မှုစာချွန်လွှာ၊ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ်(COSPAS-SARSAT)နဲ့ ကမ္ဘာအနီးအာကာသအတွင်း အန္တရာယ်ရှိတဲ့အခြေအနေတွေအတွက် အလိုအလျောက်သတိပေးစနစ်(ASPOS)နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက် ရေး နားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီနဲ့ Plekhanov Russian University of Economics တို့ကြား နား လည်မှုစာချွန်လွှာနဲ့ မြန်မာအာကာသအေဂျင်စီနဲ့ Bauman Moscow State Technical University တို့ကြား နားလည်မှုစာချွန်လွှာတွေ အပါအဝင် စာချွန်လွှာ (၁၂) ခု ဖြစ်ပါတယ်။
နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့ မြန်မာနိုင်ငံကထွက်တဲ့ သရက်သီးအနှစ်နဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ၊ အဝတ်အထည်တွေကို ရုရှားကို အဓိကတင်ပို့ရောင်းချနေသလို ရုရှားကနေ စက်သုံးဆီနဲ့ ဓာတ်မြေဩဇာတွေကို အဓိကတင်သွင်းနေပြီး မြန်မာ့ထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနဲ့ ရေထွက်ပစ္စည်းတွေ တိုးမြှင့်တင်ပို့ဖို့ကိုလည်း ဆွေးနွေးနေတယ်လို့ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်မှာ သမ္မတက ပြောပါတယ်။
“လက်ရှိမှာ ရုရှားနိုင်ငံက မြန်မာနိုင်ငံရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ စက်မှုကဏ္ဍတွေမှာ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ် ” လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။
ရုရှားသမ္မတ ပူတင်ကလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအင်ကဏ္ဍဟာ အရေးကြီးတဲ့ကဏ္ဍဖြစ်ပြီး ရုရှားကနေ မြန်မာကို LNG တင်ပို့မယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင် ရွက်ဖို့ ဆန္ဒရှိပါတယ်၊ မြန်မာနိုင်ငံကို ရုရှားက LNG တင်ပို့ဖို့ အလားအလာများစွာ ရှိပါတယ်၊ အဆိုပါ LNG ကို ပြည်တွင်း အသုံးပြုရေး အပါအဝင် အခြားနိုင်ငံများကိုလည်း တင်ပို့လို့ရပါတယ်” လို့ ပူတင်က ဆိုပါတယ်။
ယခင်နှစ်က နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ အဏုမြူဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး စက်မှုလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း စီမံကိန်းတွေ ဆောင်ရွက်ဖို့ အလားအလာရှိသလို ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ မြန်မာနိုင်ငံရဲ့ High-Tech နယ်ပယ်မှာလည်း ရုရှားကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေတယ်လို့လည်း ပူတင်က ပြောပါတယ်။
ဒါ့အပြင် အာကာသပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ၂၀၂၅ ခုနှစ်က နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

