၂၀ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)
NPW
(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နှစ်နိုင်ငံကုန်သွယ်ရေး ပြန်လည်ကောင်းမွန်ဖို့ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ် ပူးပေါင်းထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်တာတွေ၊ နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှု မရှိရေးအတွက် ဆောင်ရွက်ဖို့ လိုအပ်တာတွေ၊ နှစ်နိုင်ငံနယ်စပ်ရှိ အွန်လိုင်းလိမ်လည် လောင်းကစားတွေ လုပ်နေတဲ့ ကျောက်ခက်နဲ့ ရွှေကုက္ကိုလ်တို့ရှိ အဆောက်အအုံတွေကို မြန်မာဘက်က ဖြိုဖျက်နေတာတွေ၊ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးဆောင်ရွက်နေတဲ့အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို နှိမ်နင်းနေတဲ့ အခြေအနေနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ ကိစ္စတွေ၊ လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်တာကို ပူးပေါင်းတိုက်ဖျက်နိုင်မယ့် အခြေအနေတွေ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား လေ့ကျင့်သင်ကြားရေး၊ သင်တန်းသားတွေ၊ တပ်မတော်အားကစားအဖွဲ့တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေ အပြန်အလှန်စေလွှတ်ရေး၊ အဆင့်အလိုက် ချစ်ကြည်ရေးခရီးတွေ အပြန်အလှန်လည်ပတ်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ထိုင်းကာကွယ်ရေးဝန်ကြီးတို့လည်း တွေ့ဆုံခဲ့ကြပြီး အွန်လိုင်းလိမ်လည်မှု လုပ်နေသူတွေနဲ့ ပါဝင်ပတ်သက်နေသူတွေကို အရေးယူဆောင်ရွက်နေတဲ့ အခြေအနေ၊ နယ်စပ်ဖြတ်ကျော် တောမီးလောင်ကျွမ်းမှုနဲ့ မီးခိုးမြူငွေ့တားဆီးကာကွယ်ရေးအတွက် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံသဘောတူထားတဲ့ မီးခိုးမြူ ငွေ့ကင်းစင်တဲ့ ကောင်းကင်ဖြစ်ရေး သုံးနိုင်ငံပူးတွဲလုပ်ငန်းစီမံချက်(၂၀၂၄-၂၀၃၀) ဆက်လက် ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေ၊ နယ်စပ်ဖြတ်ကျော် ရေအရည်အသွေး ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

