၂၀ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
မြန်မာနိုင်ငံရဲ့ စွမ်းအင်နဲ့ စက်မှုကဏ္ဍတွေမှာ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆက်တိုက်၀င်ရောက်လာမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့် ရုရှားနိုင်ငံရဲ့ခရီးစဥ်အတွင်း ပြောကြားလိုက်ပါတယ်။
ရုရှားက မြန်မာနိုင်ငံရဲ့ ရေနံသဘာဝဓာတ်ငွေ့နဲ့ စက်မှုတွေမှာ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတကဆိုပါတယ်။
ဩဂုတ်လ ၁၉ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှာကျင်းပတဲ့ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်မှာ နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံမှာ သန့်စင်ထားတဲ့ တန်ဖိုးမြှင့် သတ္တုထုတ်ကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်နိုင်သလို ကြေးနီ၊ ခဲမဖြူ၊ နီကယ်၊ ရွှေ၊ ငွေနဲ့ အဖိုးတန် ကျောက်သံ ပတ္တမြားတွေထွက်ရှိပြီး တချို့ဒေသတွေမှာ ကျောက်မီးသွေး ထွက်ရှိတဲ့အတွက် ကျောက်မီးသွေးကိုအခြေခံတဲ့ လျှပ်စစ်ဓာတ်အားနဲ့ မြေဩဇာထုတ်လုပ်တဲ့ လုပ်ငန်းတွေရှိလို့ ထပ်မံပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။
မြန်မာ့ထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရေထွက်ပစ္စည်းနဲ့ တွင်းထွက်ပစ္စည်းတွေကိုလည်း ရုရှားနိုင်ငံကို တိုးမြှင့်တင်ပို့နိုင်ဖို့ အစီအစဥ်တွေကိုလည်း ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
လယ်ယာကဏ္ဍ၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ သိပ္ပံနဲ့နည်းပညာ၊ ပညာရေးဆိုင်ရာမှာ နှစ်နိုင်ငံပူးပေါင်းဖလှယ်လုပ်ဆောင်မှုတွေအတွက်လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံအလိုက် ခွင့်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းမှာ ရုရှားက လက်ရှိမြန်မာနိုင်ငံမှာ စီမံကိန်း ၂၃ ခု လည်ပတ်လုပ်ကိုင်နေပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၇.၅၈၉ သန်း ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဇွန် ၂၀ ရက်မှာ ရုရှားနဲ့ မြန်မာက Investment Promotion and Protection Agreement ကို လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားဘက်က မြန်မာနိုင်ငံရဲ့ အထူးသဖြင့် စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အထူးစိတ်၀င်စားပြီး စတင်ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ရုရှားဘက်က ရေနံချက်စက်ရုံတည်ဆောက်ရေး၊ မြန်မာ့ပင်လယ်ကမ်းလွန် ဟိုက်ဒရိုကာဗွန်ရှာဖွေထုတ်လုပ်ရေးနဲ့ ရုရှားထံ LNG တင်ပို့ရေး စတဲ့ စွမ်းအင်စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ရည်ရွယ်ထားပါတယ်။

