၁၈ ဩဂုတ်လ ၂၀၂၆ (Eastren Thanlwin)
Nc
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားနှင့် နှစ်စဉ်ပြုလုပ်နေသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို “အလွန်အမင်း လျှော့ချရန်” ပင်တဂွန် (အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန) ကို ဩဂုတ် (၁၆) ရက်တွင် ညွှန်ကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထရမ့်က လေ့ကျင့်မှုများသည် ကုန်ကျစရိတ်ကြီးမားသည့်အပြင် မြောက်ကိုရီးယားအပေါ် “မလိုလားအပ်သော ရန်လိုသည့်” အသွင်ဆောင်နေသည်ဟု ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားက အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန် ငြင်းဆန်ခဲ့ကြောင်းကိုလည်း ဝေဖန်ပြောကြားလိုက်ကြောင်း သိရှိရပါတယ်။
တောင်ကိုရီးယား သမ္မတရုံး (Blue House) က ထရမ့်၏မှတ်ချက်ကို ပြန်လည်သုံးသပ်နေပြီး အမေရိကန်–မြောက်ကိုရီးယား ခေါင်းဆောင်များကြား ဆက်ဆံရေးက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်ပေါ်စေရန် မျှော်လင့်ကြောင်း၊ အီရန်ကိစ္စတွင် တောင်ကိုရီးယားသည် စစ်ရေးပံ့ပိုးမှု ဖြစ်နိုင်ခြေကို ဆွေးနွေးနေသော်လည်း ကိုရီးယားကျွန်းဆွယ်၏ လုံခြုံရေးအခြေအနေနှင့် ပြည်တွင်းဥပဒေ လုပ်ထုံးလုပ်နည်းများကို ထည့်သွင်း စဉ်းစားနေကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ဩဂုတ် (၁၇) မှ (၂၇) ရက်အထိ ပြုလုပ်ရန် စီစဉ်ထားတဲ့အတိုင်း တောင်ကိုရီးယားစစ်သည် (၁၈,၀၀၀) ခန့် ပါဝင်တဲ့ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း Reuters သို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ထရမ့်သည် ယခင်သမ္မတသက်တမ်းအတွင်းလည်း တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး တောင်ကိုရီးယားတွင် တပ်စွဲထားသော အမေရိကန်စစ်သား (၂၈,၅၀၀) ဦးရဲ့ ကုန်ကျစရိတ် မျှဝေမှုအပေါ် ဆိုးလ်နှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့ပါတယ်။
မြောက်ကိုရီးယားကလဲ ပူးတွဲလေ့ကျင့်မှုများကို အမြဲတမ်း ကျူးကျော်ရန် ပြင်ဆင်မှုဟု စွပ်စွဲလေ့ရှိပြီး ယခုလေ့ကျင့်မှုမတိုင်မီ ဩဂုတ် (၆) ရက်နောက်ပိုင်းအတွင်း ဘဲလစ်စတစ်ဒုံးကျည် (၂) စင်း ပစ်လွှတ်ထားခဲ့ပါတယ်။

