Language:

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အွန်လိုင်းလောင်းကစားဂိမ်းဝက်ဆိုဒ်ကို စီမံခန့်ခွဲသူ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အွန်လိုင်းလောင်းကစားဂိမ်းဝက်ဆိုဒ်ကို စီမံခန့်ခွဲသူ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

၆ ဩဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ထိုင်းနိုင်ငံ ဆိုက်ဘာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ (၅)ရက်နေ့က တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့နယ်ထဲက နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် လုပ်ကိုင်နေတဲ့ အွန်လိုင်းလောင်းကစားဝက်ဆိုဒ် TH2.VIP ဝင်ရောက်ဖြိုခွင်းပြီး စီမံခန့်ခွဲသူ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

မဲဆောက်မြို့နယ် သာဆိုင်လွတ် ကျေးရွာအုပ်စုရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာ အသက် (၂၃)နှစ်အရွယ် မြန်မာနိုင်ငံသား ဦးကူးဟ်မီ အမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကွန်ပျူတာ ၁ လုံး၊ လက်ပ်တော့ (၂)လုံး၊ မိုဘိုင်းဖုန်း (၂)လုံးနှင့် Router (၁)လုံးတို့ကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ TH2.VIP ဝက်ဘ်ဆိုက်ကို (၂)နှစ်ကျော်ကြာ လည်ပတ်ခဲ့ပြီး ကစားနေသူပေါင်း (၃၀,၀၀၀) ကျော်နဲ့ တစ်လလျှင် လည်ပတ်ငွေ ဘတ်သန်း (၃၀) ခန့် ရှိပြီး (တစ်နှစ်လျှင် ဘတ်သန်း ၃၆၀ ခန့်) ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဂိမ်းဝက်ဆိုက်ထဲမှတစ်ဆင့် အလောင်းကစားပြုလုပ်သူများက အော်တိုစနစ်နဲ့ ထိုင်းဘဏ်အကောင့်များကို ငွေသွင်း/ငွေထုတ် ပြုလုပ်နိုင်ပြီး ဖမ်းဆီးခံရသူမြန်မာနိုင်ငံသားက အွန်လိုင်းလောင်းကစား ဖောက်သည်များကို ဝန်ဆောင်မှုပေးခြင်းနှင့် ငွေသွင်း၊ ငွေထုတ်ပြုလုပ်ရာတွင် ပြဿနာများ ညှိနှိုင်းဖြေရှင်းပေးပြီး (၅)လအကြာ စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်ခဲ့ကာ အလုပ်ရှင်ထံမှ တစ်လလျှင် ဘတ် (၁၅,၀၀၀) လစာရရှိကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

တရားမဝင်အလောင်းကစား အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ဦးကူးဟ်မီ အမျိုးသားကို ဖမ်းဆီးရမိတဲ့ သက်သေပစ္စည်းများနှင့်အတူ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

#အွန်လိုင်းလောင်းကစား

#မှုခင်း

#မဲဆောက်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin