၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ် (၁၂)ခုမှာ ရေပေးဝေရေး ယာယီပြတ်တောက်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ထုတ်ပြန်ပါတယ်။
ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV Auto Recloser တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဩဂုတ် (၇)ရက် နံနက် (၁၀)နာရီမှ နေ့လည် (၂) နာရီအထိ လေးနာရီကြာ ပြတ်တောက်မှဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ရန်ကုန်က မြို့နယ် (၁၂)ခုမှာ အဆိုပါကာလအတွင်း ရေပေးဝေရေး ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ ကြိုတင်အသိပေးလိုက်တာပါ။
မရမ်းကုန်း၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်းမြို့နယ်များတွင် ရေပေးဝေရေး ပြတ်တောက်ခြင်း ရေအားနည်းခြင်းများဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဂျိုးဖြူရေပေးေ၀ရေးစနစ်မှာ ချို့ယွင်းမှုရှိခဲ့လို့ ရန်ကုန်ကမြို့နယ်အချို့မှာ ရက်ပိုင်းလောက် ရေပြတ်တောက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အဆိုပါကာလအတွင်း ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေသုံးစွဲသူများအနေဖြင့် လိုအပ်သည့် ရေကို ကြိုတင်စုဆောင်းထားကြဖို့လည်း YCDC က သတိပေးတိုက်တွန်းထားပါတယ်။

