Language:

Android ဖုန်းကနေ iMessage သုံးလို့ရတဲ့ Sunbird App ကို Public Beta အဖြစ် ပြန်ဖွင့်


Android ဖုန်းကနေ iMessage သုံးလို့ရတဲ့ Sunbird App ကို Public Beta အဖြစ် ပြန်ဖွင့်

၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

Android ဖုန်းအသုံးပြုသူတွေ iPhone ရဲ့ iMessage ကို အသုံးပြုနိုင်အောင်ဖန်တီးထားတဲ့ Sunbird App ဟာ နှစ်အတော်ကြာ Beta အဆင့်မှာ ရပ်နားထားခဲ့ပြီးနောက် အခုတော့ Google Play Store ကနေ လူတိုင်း စမ်းသပ်အသုံးပြုနိုင်တဲ့ Open Betaအဖြစ် ပြန်လည်ထွက်ရှိလာပါတယ်။

Sunbird ဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီကာလအတွင်း App ရဲ့ လုပ်ဆောင်ချက် တွေနဲ့ နောက်ကွယ်က စနစ်တွေကို ပြန်လည်တိုးတက်အောင် ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ App ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Android အသုံးပြုသူတွေကို iMessage အသုံးပြုခွင့်ပေးရုံသာမက၊ iPhone အသုံးပြုသူတွေ ကြုံတွေ့ရတဲ့ “အစိမ်းရောင် Message Bubble” ပြဿနာကိုလည်း လျှော့ချပေးဖို့ ဖြစ်ပါတယ်။

Sunbird ဟာ အသုံးပြုသူရဲ့ Apple ID ကို အသုံးပြုပြီး iMessage ကို ကြားခံစနစ်ကနေ ပို့ပေး၊ လက်ခံပေးတာဖြစ်တဲ့အတွက် Android ဖုန်းပေါ်ကနေ iMessage ကို အသုံးပြုနိုင်စေပါတယ်။ ဒါ့အပြင် Google ရဲ့ RCS စနစ်နဲ့ Apple ရဲ့ iMessage ကို ပေါင်းစပ်ပေးထားတာကြောင့် Platform မတူတဲ့ အသုံးပြုသူတွေကြား စာပို့ဆက်သွယ်ရာမှာ ပိုမိုအဆင်ပြေစေဖို့ ရည်ရွယ်ထားပါတယ်။

ဗားရှင်းအသစ်မှာတော့ အရေးကြီးတဲ့ စကားပြောခန်းတွေကို အလွယ်တကူ စီမံနိုင်ဖို့ Priority Inbox စနစ်အသစ် ထည့်သွင်းထားပြီး Primary နဲ့ Secondary Tab ခွဲထားတာကြောင့် Chat တွေကို ပိုမိုသပ်ရပ်စွာ စီမံနိုင်ပါတယ်။

ဒါပေမယ့် Sunbird ဟာ ၂၀၂၃ ခုနှစ်တုန်းက လုံခြုံရေးပြဿနာကြောင့် ယာယီပိတ်ထားခဲ့ရပါတယ်။ အဲဒီအချိန်မှာ Nothing ကုမ္ပဏီရဲ့ Nothing Chats App ဟာ Sunbird နည်းပညာကို အသုံးပြုထားပြီး၊ Message တွေ အပြန်အလှန်ပို့နေစဉ် ဒေတာပေါက်ကြားမှု ဖြစ်ပွားခဲ့တာကို စုံစမ်းတွေ့ရှိခဲ့ပါတယ်။ အဲဒီအားနည်းချက်ကြောင့် ဖိုင်ပေါင်း (၆၃၀,၀၀၀) ကျော်ကို ပြင်ပက ဝင်ရောက်ကြည့်ရှုနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။

Sunbird ကတော့ နောက်ဆုံးဗားရှင်းမှာ Message တွေကို ဖုန်းပေါ်မှာ၊ ပို့ဆောင်နေချိန်မှာနဲ့ သိမ်းဆည်းထားချိန်မှာပါ Encryption နဲ့ ကာကွယ်ထားတယ်လို့ ပြောဆိုထားပါတယ်။ ထို့အပြင် Apple ID Password ကို မသိမ်းဆည်းထားသလို Authentication Token တွေကိုလည်း မထိန်းသိမ်းထားဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ကုမ္ပဏီရဲ့ Security စာမျက်နှာမှာတော့ “Message တွေကို Server ပေါ်မှာ မသိမ်းဆည်းထားဘူး” လို့ ဆိုထားပေမယ့်၊ “ပို့လိုက်တဲ့ ဓာတ်ပုံနဲ့ Video ဖိုင်တွေကို စနစ်အတွင်း (၄၈) နာရီအတွင်း ဖျက်ပစ်ပြီး အများဆုံး (၇၂)နာရီထက် မကျော်ဘဲ သိမ်းထားနိုင်တယ်” လို့လည်း ဖော်ပြထားတာကြောင့် အချက်အလက်တွေမှာ အနည်းငယ် ဆန့်ကျင်နေသလို တွေ့ရပါတယ်။

လက်ရှိမှာ Sunbird ဟာ အများပြည်သူအသုံးပြုနိုင်တဲ့ Open Beta အဆင့်ကို စတင်လိုက်ပြီဖြစ်ပေမယ့် Apple ID အကောင့်ကို ချိတ်ဆက်အသုံးပြုရတဲ့ App မျိုးဖြစ်တာကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေးကို သေချာစဉ်းစားပြီးမှ အသုံးပြုသင့်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

#iMassage

#Sunbird

#နည်းပညာ

#Android

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin