၁၆ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
IM
ထိုင်းနိုင်ငံ ဖူးခက်ကျွန်း ပထုံမြို့မှာ ဆိုင်ကယ်အငှားဆိုင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ မြန်မာနိုင်ငံသားတစ်ဦးလည်း ပါဝင်ပါတယ်။
မီးလောင်မှုဟာ ဒီနေ့ နိုဝင်ဘာ ၁၆ ရက် မနက် ၃ နာရီ ၁၅ မိနစ်ခန့်က ဖန်မောင်ဆိုင်ကော်လမ်းပေါ်ရှိ ဆိုင်ကယ်အငှားဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။ မီးကို မနက် ၅ နာရီ ၁၅ မိနစ်ခန့်မှာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အနီးအနားက ဆိုင်ခန်းတွေကိုပါ မီးကူးစက်ခဲ့ပါတယ်။
သေဆုံးသူအများစုဟာ မီးခိုးမွှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ပထုံဒုတိယမြို့တော်ဝန်က ပြောပါတယ်။ ဒဏ်ရာရသူ ၁၆ ဦးမှာ ထိုင်းနိုင်ငံသား ၁၅ ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦး ပါဝင်ပြီး ခရီးသွားဧည့်သည်တွေတော့ မပါဝင်ဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမဲ့ အနီးရှိ လျှပ်စစ်ဓာတ်တိုင်မှာ ဝါယာရှော့ဖြစ်ပြီး မီးပွားတွေ ဆိုင်ကယ်တွေပေါ် ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ပဏာမယူဆထားပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေနဲ့ သက်သေတွေကို စစ်ဆေးနေပြီး ထိုင်းဝန်ကြီးချုပ် အနူတင်ကလည်း ဖြစ်စဉ်ကို အမြန်ဆုံးစုံစမ်းဖို့နဲ့ လုံခြုံရေးချိုးဖောက်မှုရှိပါက အရေးယူဖို့ ညွှန်ကြားထားပါတယ်။

