၁၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က လွှတ်တော်အမတ် ၄ ဦးဟာ စိုင်း၊ ကော့နဲ့ မဲခေါင်မြစ်တွေ ညစ်ညမ်းမှုကို ဖြေရှင်းနိုင်ဖို့ အထူးကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် ဒီနေ့ လွှတ်တော်မှာ အရေးပေါ်အဆို တင်သွင်းခဲ့ပါတယ်။
အဆိုမှာ မြစ်တွေအတွင်း အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေပြီး အိမ်နီးချင်းနိုင်ငံဘက်က သတ္တုတွင်းလုပ်ငန်းတွေမှာ ဓာတုပစ္စည်းအသုံးပြုမှုကြောင့် ညစ်ညမ်းမှု ပိုမိုဆိုးရွားလာတယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လအစောပိုင်းက စိုင်းမြစ်အတွင်း အာဆင်းနစ်ပမာဏဟာ သတ်မှတ်စံနှုန်းထက် ၂၈ ဆအထိ မြင့်တက်ခဲ့သလို ဒေသခံအချို့ရဲ့ ဆီးစစ်ဆေးမှုမှာလည်း အဆိပ်အတောက်ပမာဏ မြင့်တက်နေတာ တွေ့ရှိခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း မယ်ဆိုင်ဒေသခံလယ်သမားတွေက မြစ်ရေညစ်ညမ်းမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နိုင်တယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ ခြောက်သွေ့ရာသီမှာ စပါးစိုက်ပျိုးမယ့် လယ်ယာမြေ ဧက ၆၀,၅၀၀ ခန့် ပျက်စီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အခုဖွဲ့စည်းဖို့ တောင်းဆိုထားတဲ့ အထူးကော်မတီက မြစ်ရေညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းပြီး ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို လေ့လာကာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ညှိနှိုင်းဖြေရှင်းသွားဖို့ ရည်ရွယ်ထားပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ နေပြည်တော်ကို သွားရောက်ပြီး စိုင်းနဲ့ ကော့မြစ် ညစ်ညမ်းမှုအရေး ဆွေးနွေးဖို့ရှိသလို ယခုလကုန်မှာလည်း ထိုင်းနဲ့ မြန်မာကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ရေအရည်အသွေး တိုင်းတာရေးကိရိယာတွေ တပ်ဆင်နိုင်ဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

