၁၁ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ မြစ်ဆိုင်ရေ အဆိပ်အတောက်ညစ်ညမ်းမှု ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံပြည်သူတွေက နိုဝင်ဘာ ၁၁ ရက်မှာ ခရိုင်အုပ်ချုပ်ရေးမှူးကတစ်ဆင့် အစိုးရထံ တောင်းဆိုစာ တင်ပြခဲ့ပါတယ်။
ဒေသခံတွေရဲ့ တောင်းဆိုချက်တွေမှာ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိရေးအတွက် ရေသန့်ထုတ်လုပ်ရေးစက်တွေနဲ့ ရွေ့လျားရေသန့်ယာဉ်တွေ ပံ့ပိုးပေးဖို့၊ စိုက်ပျိုးမြေ ၆၀,၅၀၀ ရိုင်ခန့်အတွက် မြေဆီလွှာနဲ့ စိုက်ပျိုးထွက်ကုန်တွေကို အဆိပ်အတောက်ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပေးဖို့နဲ့ ဓာတ်ခွဲစစ်ဆေးရေးစင်တာ ဖွင့်လှစ်ပေးဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံကြား မြစ်ရေအရည်အသွေး စစ်ဆေးရေး ပူးပေါင်းဆောင်ရွက်မှု ပြန်လည်လုပ်ဆောင်ဖို့၊ အစိုးရဌာန၊ ပညာရှင်နဲ့ ဒေသခံတွေပါဝင်တဲ့ ကော်မတီဖွဲ့စည်းပေးဖို့နဲ့ မြစ်ကမ်းတစ်လျှောက် ရေကြီးရေလျှံမှုကာကွယ်ရေး အမြဲတမ်းရေတားနံရံတွေ တည်ဆောက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနရဲ့ ကနဦးစစ်ဆေးချက်အရ နိုဝင်ဘာ ၆ ရက်မှာ မြစ်ဆိုင်ရေထဲ အာဆင်းနစ်ပါဝင်မှုဟာ တစ်လီတာမှာ ၀.၂၅ မီလီဂရမ်ရှိခဲ့ပြီး သတ်မှတ်စံနှုန်း ၀.၀၁ မီလီဂရမ်ထက် ၂၅ ဆ ပိုများနေခဲ့ပါတယ်။ ရေထုညစ်ညမ်းမှုအဆင့်လည်း ၁၄,၀၀၀ NTU အထိရှိခဲ့တာကြောင့် ရေသန့်စင်စက်ရုံရဲ့ စစ်ထုတ်နိုင်စွမ်း ၆,၀၀၀ NTU ထက် ကျော်လွန်ပြီး ရေပေးဝေရေး ယာယီရပ်နားခဲ့ရပါတယ်။
အဲဒီအခြေအနေကြောင့် မယ်ဆိုင်နဲ့ ဝီယန်ဖန်ခမ်းဒေသက ကျေးရွာ ၁၄ ရွာမှာ ရေပေးဝေရေး အခက်အခဲဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိပ်အတောက်ပါဝင်မှုကို ဓာတ်ခွဲခန်းနဲ့ ဆက်လက်စစ်ဆေးနေပြီး ညစ်ညမ်းမှုဖြစ်ပေါ်စေတဲ့ အရင်းအမြစ်ကိုလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။
တောင်းဆိုစာတင်ပြချိန်မှာ မယ်ဆိုင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ လာရောက်လုံခြုံရေးဆောင်ရွက်ပေးခဲ့ပြီး အခြေအနေအားလုံး ချောမွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

