၁၂ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)
NPW
၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်မှာ ဆက်သွယ်ရေးတာဝါတိုင် အသစ်ဆောက်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁)က ဒေါက်တာအမ်ဇော်လတ်(ခ)ဆမ်းမားကို့(စ်)ရဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း ဖုန်းနဲ့အင်တာနက်ဝန်ဆောင်မှုကောင်းမွန်လာစေဖို့ လိုအပ်နေတဲ့ တာဝါတိုင်တွေ မည်သည့်ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ပေးမလည်း မေးခွန်းနဲ့ပတ်သက်ပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။
မက်မန်းမြို့နယ်ဟာ တောတောင်ထူထပ်ပြီး နေထိုင်မှုပြန့်ကျဲတာ၊ နယ်မြေဒေသ သွားလာရခက်ခဲတာ၊ လျှပ်စစ်မီးမရတာ၊ အဝေးဆက်ကြောင်း တည်ဆောက်ဖို့ ခက်ခဲတာတွေကြောင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ လတ်တလော မှာ မိုဘိုင်းစခန်းအသစ် ထပ်မံတည်ဆောက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
သို့ပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာဖို့မလွယ်ကူတဲ့ နယ်မြေဒေသတွေမှာ မိုဘိုင်းဆက်သွယ်ရေးစခန်းအသစ်တွေ တည်ဆောက်နိုင်ဖို့ ဆောင်ရွက်နေပြီး နယ်မြေဒေသတွေမှာ လျှပ်စစ်ဓာတ်အားရရှိမှု၊ အဝေးဆက်သွယ်ရေးဆက် ကြောင်းတွေ တည်ဆောက်ချိတ်ဆက်နိုင်မှုနဲ့ နယ်မြေဒေသအခြေအနေတွေပေါ်မူတည်ကာ မြေပုံစစ်ဆေးတိုင်းတာနဲ့ မြေ ပြင်ကွင်းဆင်းတိုင်းတာနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရရှိလာသော အချက်အလက်တွေအပေါ်မူတည်ပြီး ဆက်သွယ်ရေးလိုအပ်ချက်၊ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ကာ ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်သွားမယ်လို့လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့မှာ မိုဘိုင်းစခန်းအမှတ်(SHE 00151) ကို GSM 2G / UMTS 3G စနစ်တို့နဲ့ ၂၀၁၆ ခုနှစ် အောင်တိုဘာလမှာ ဂြိုဟ်တုဆက်သွယ်ရေးစနစ်အသုံးပြု စတင်ဖွင့်လှစ်ပေးခဲ့သလို ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ LTE 4G စနစ်အဆင့်မြှင့်တင်ပေးခဲ့တယ်လို့ သိရပါတယ်။

