Language:

တစ်နိုင်ငံလုံး ၂၄ နာရီ လျှပ်စစ်မီးလင်းဖို့ စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်နေ


တစ်နိုင်ငံလုံး ၂၄ နာရီ လျှပ်စစ်မီးလင်းဖို့ စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်နေ

၁၂ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

လျှပ်စစ်မီး ၂၄ နာရီ အချိန်ပြည့်ပေးနိုင်ဖို့ ရေတို၊ ရေရှည်စီမံကိန်းတွေ ဆောင်ရွက်ထားမှု ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်က နိုဝင်ဘာ ၁၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခုလို ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဓာတ်အားလိုအပ်ချက်နဲ့ ထုတ်ပေးနိုင်မှုမှာ လိုအပ်ချက်ကများပြားနေတဲ့အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ အမြန်ဆုံးရေတိုဆောင်ရွက်နိုင်မယ့် ဆိုလာဓာတ်အားပေးစနစ်၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစနစ်၊ လေအားသုံးဓာတ်အားစနစ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ လက်ရှိမှာ ၂၀၃၅-၂၀၃၆ ခုနှစ်၊ ၂၀၄၅-၂၀၄၆ ခုနှစ်ဆိုပြီး စီမံချက်တွေ ဆွဲပြီးလုပ်နေပါတယ်။ လက်ရှိ Demand Forecast အရနဲ့ ထုတ်လုပ်နိုင်မယ့်အနေအထားအရ စွမ်းအင်ရင်းမြစ်အလိုက် Generation Mix ကို ဆွဲပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေ ဆွဲပြီးတော့မှ အချိန်ကာလဘယ်တော့မှာ ဓါတ်အားလုံလောက်နိုင်မယ်ဆိုတာ မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။ ” လို့ ဒုတိယ ဝန်ကြီးက ပြောပါတယ်။

နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ၂၄ နာရီ စွမ်းအားပြည့်ဖြန့်ဖြူးပေးနိုင်ဖို့ လာမယ့် ၂ဝ၂၇ ခုနှစ် နွေရာသီမှာ ၅၀၁၀ မဂ္ဂါဝပ် လိုအပ် မယ်လို့ ခန့်မှန်းထားပြီး အမြင့်ဆုံးဓာတ်အားထုတ်လုပ်မှုအနေနဲ့လည်း ၃၅၄၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထား တယ်လို့ ဆိုပါတယ်။

“ ဒါ့ကြောင့် ဓာတ်အားစနစ်တည်ငြိမ်ဖို့ အချိန်ပိုင်းဝန်အားထိန်းညှိတာကို ဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ဓာတ်အား ထုတ်လုပ်မှုကဏ္ဍကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ဖို့ မီးသုံးသူတွေရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ ဈေးဝယ်စင်တာတွေ၊ ဆေးရုံတွေ၊ ဟိုတယ်တွေ၊ နေအိမ်အဆောက်အအုံတွေရဲ့ အမိုးတွေနဲ့ ကိုယ်ပိုင်မြေကွက်လပ်တွေမှာ နေရောင်ခြည်စွမ်းအင်နဲ့ ဓာတ်အားထုတ်လုပ်သုံးစွဲပြီး ပိုလျှံလျှပ်စစ်ဓာတ်အားကို ဌာနကဝယ်ယူနိုင်ဖို့အတွက် ဖိတ်ခေါ်ဆောင် ရွက်နေပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ” လို့လည်း ပြောပါတယ်။

၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ စွမ်းအင်အရင်းအမြစ်အလိုက် စက်တင်ဆင်အားအနေနဲ့ ရေအားလျှပ်စစ် ၃၂၄၃ ဒသမ ၂ မဂ္ဂါဝပ်(၄၇ ရာခိုင်နှုန်း)၊ သဘာဝဓါတ်ငွေ့ ၂၅၈၂ ဒသမ ၄၂ မဂ္ဂါဝပ်(၃၇ ရာခိုင်နှုန်း)၊ သဘာဝဓါတ်ငွေ့ရည်(LNG) ၅၈၄ ဒ သမ ၅၂၂ မဂ္ဂါဝပ်(၉ ရာခိုင်နှုန်း)၊ နေရောင်ခြည်စွမ်းအင် ၃၅၆ မဂ္ဂါဝပ်(၅ ရာခိုင်နှုန်း)၊ ကျောက်မီးသွေး ၁၃၈ မဂ္ဂါဝပ်(၂ ရာခိုင် နှုန်း)ရှိပြီး စုစုပေါင်း ၆၉၀၄ ဒသမ ၁၄၂ မဂ္ဂါဝပ် ရှိတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Russian State Atomic Energy Corporation – ROSATOM)နဲ့ ဆောင်ရွက်နေတဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံမှာ လက်ရှိ စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းတွေကို ဆောင်ရွက်ပြီးဖြစ်ပြီး ပထမအဆင့် အငယ်စားနျူကလီးယားဓာတ်အားပေးစက်ရုံ (Small Modular Reactor – SMR) ၅၅ မဂ္ဂါဝပ် နှစ်လုံး၊ စုစုပေါင်း ၁၁၀ မဂ္ဂါဝပ် တည်ဆောက်ဖို့ ရွေးချယ်ထားပြီးဖြစ်တယ်လို့လည်း ဒုတိယဝန်ကြီးက ဆိုပါတယ်။

စက်ရုံတည်နေရာရွေးချယ်တဲ့ Engeering Servey လုပ်ငန်းတွေကိုတော့ IAEA ရဲ့ Guideline တွေနဲ့အညီဆောင်ရွက်ဖို့လို အပ်တဲ့အတွက် ROSATOM နဲ့ ညှိနှိုင်းနေပြီး တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှာ စတင်ဆောင် ရွက်နိုင်ပါက ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်မတိုင်မီခင် တည်ဆောက်ပြီးစီးနိုင်မယ်လို့ မျှော်မှန်းထားတယ်လို့လည်း ပြောပါတယ်။

#တစ်နိုင်ငံလုံး

#လျှပ်စစ်မီး

#စီမံချက်

#စွမ်းအင်အရင်းအမြစ်

#နျူကလီးယားဓာတ်အားပေးစက်ရုံ

ဆက်စပ်သတင်းများ

Eastern Thanlwin