၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
KZ
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း အလုပ်ကိစ္စအပါအဝင် သွားရောက်လည်ပတ်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေက ထိုင်းရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးသုံးထားခြင်း ရှိ/မရှိ ဆီးစစ်ဆေးပြီး ငွေညှစ်မှုတွေအတွက် သတိထားဖို့လိုအပ်တယ်လို့ ခရီးသွားတွေက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ချင်းရိုင်ခရိုင်အတွင်းက ဘုရားဖြူ၊ ကျောင်းတော်ပြာနဲ့ Shinga ပန်းခြံတွေကို သွားရောက်လည်ပတ်ဖို့အတွက် မယ်ဆိုင်-ချင်းရိုင်း အဝေးပြေးလမ်းမပေါ်က မယ်ကျန့်စစ်ဆေးရေးဂိတ်နဲ့ ချင်းဆဲန်မြို့အနီးက စစ်ဆေးရေးဂိတ်တွေ ခရီးသည်တွေကို အလျင်သင့်သလို ထိုင်းရဲတပ်ဖွဲ့ ဆီးစစ်ဆေးခြင်းပြုလုပ်နေတာဖြစ်ပါတယ်။
“ထိုင်းရဲတွေက တွေ့ကရာလူစစ်တာမဟုတ်ဘူး အလုပ်သွားလုပ်မယ်သူတို့ လူငယ်တို့ဆိုရင် မထင်ရင် မထင်သလိုစစ်တယ်၊ စစ်လို့ပေါ်ရင် ငွေညှစ်တော့တာဘဲ အနည်းဆုံး ဘတ်(၅)ထောင်ကနေ ဘတ်(၅)သောင်းအထိ တောင်းတတ်တယ်၊ ပြောတတ်ဆိုတတ်ရင်တော့ ပြသာနာမဖြစ်ဘူး၊ အဓိက ဖမ်းဖို့လဲမဟုတ်ဘူး ငွေလိုချင်လို့လုပ်တာ”လို့ ချင်းရိုင်းခရိုင်အတွင်း အလုပ်ကိစ္စနဲ့ သွားရောက်လေ့ရှိသူ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
ဆီးစစ်ဆေးခံရသူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုမလွန်ရန်နဲ့ စစ်ဆေးတဲ့ ဆေးမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း ပေါ်ပေါက်ပါကလဲ ဆေးရုံသို့သွားရောက်စစ်ဆေးဖို့ ပြောရန်နဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့လည်း ဥပဒေအရ ခွင့်ပြုချက်နဲ့စစ်ဆေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးကာကွယ်ရေး ဥပဒေအရ ထိုင်းနိုင်ငံ ချင်းဟိုင်းခရိုင်အတွင်း အထူးမူးယစ်တားဆီးကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့အတွက် ဆီးစစ်ခြင်းကို သက်ဆိုင်ရာက ခွင့်ပြုထားခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲကြောင်းစစ်ဆေးတွေ့ရှိပါက လူမှုရေးပြစ်ဒဏ်အနေနဲ့ တရားရင်ဆိုင်ကာ (၃၉)ရက် အချုပ်ချမှတ်ခံရမှာဖြစ်တယ်လို သိရပါတယ်။

