၄ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ChatGPT ကနေတစ်ဆင့် အင်တာနက်ပေါ်မှာ သတင်းအချက်အလက် ရှာဖွေမှုအရေအတွက်ဟာ Google ရဲ့ ရှာဖွေမှုအရေအတွက် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရှိလာပြီလို့ OpenAI က ပြောပါတယ်။
OpenAI ရဲ့ ChatGPT သုံးစွဲသူထုတ်ကုန်ဆိုင်ရာ အကြီးအကဲ အဒမ်ဖရိုင် (Adam Fry) က တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။
OpenAI ရဲ့ သတ်မှတ်ချက်အရ အသုံးပြုသူတစ်ဦးက မေးခွန်းတစ်ခုမေးလိုက်တဲ့အခါ အင်တာနက်ပေါ်မှာ ဝဘ်ရှာဖွေမှု ပြုလုပ်ဖို့ လိုအပ်တဲ့ မေးမြန်းချက်တွေကိုသာ Search အဖြစ် သတ်မှတ်ထားပါတယ်။ စကားလုံးအဓိပ္ပာယ်ရှင်းပြတာနဲ့ ရိုးရိုးနည်းလမ်းညွှန်မေးခွန်းတွေကိုတော့ ထည့်သွင်းတွက်ချက်ထားတာ မဟုတ်ပါဘူး။
ဒါပေမဲ့ Google ရဲ့ ရှာဖွေမှုအရေအတွက်ကို ဘယ်ရင်းမြစ်ကနေ ရယူတွက်ချက်ထားသလဲဆိုတာကိုတော့ အဒမ်ဖရိုင်က အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ChatGPT ရဲ့ ရှာဖွေမှုအရေအတွက်ဟာ Google ရဲ့ ငါးပုံတစ်ပုံသာ ရှိသေးတာကြောင့် Google ကို ကျော်တက်နိုင်တဲ့အဆင့် မရောက်သေးပါဘူး။ ဒါပေမဲ့ အင်တာနက်ရှာဖွေရေးဈေးကွက်မှာ AI နည်းပညာအခြေပြု ဝန်ဆောင်မှုတွေ အရေးပါလာနေတဲ့ အခြေအနေကို ပြသနေပါတယ်။
အမေရိကန် နည်းပညာကုမ္ပဏီ Microsoft ရဲ့ အမှုဆောင်အရာရှိချုပ် ဆတ်ယာနာဒယ်လာ (Satya Nadella) ကလည်း ၂၀၂၃ ခုနှစ် Google ရဲ့ လက်ဝါးကြီးအုပ်မှုဆိုင်ရာ တရားခွင်မှာ Bing ရှာဖွေရေးစနစ်ဟာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ ရှာဖွေရေးဈေးကွက်ရဲ့ ၃ ရာခိုင်နှုန်းခန့်သာ ရရှိထားတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
တစ်ချိန်တည်းမှာပဲ Google ဟာ AI Overview အပါအဝင် AI နည်းပညာသုံး ရှာဖွေရေးဝန်ဆောင်မှုတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်။ OpenAI ကလည်း ChatGPT အတွင်းမှာ အချက်အလက်တွေကို ရုပ်ပုံ၊ ဇယားနဲ့ အပြန်အလှန်အသုံးပြုနိုင်တဲ့ ပုံစံတွေနဲ့ ပြသပေးမယ့် Intelligent UI နည်းပညာကို အနာဂတ်ရဲ့ အဓိကဦးတည်ချက်တစ်ခုအဖြစ် ရှုမြင်ထားပါတယ်။
ဒါ့အပြင် OpenAI ဟာ Google လိုပဲ ကြော်ငြာလုပ်ငန်းကနေ ဝင်ငွေတိုးမြှင့်နိုင်ဖို့ ကြိုးစားနေပြီး ChatGPT အတွင်း ကြော်ငြာတွေ ထည့်သွင်းပြသနေတဲ့အပေါ် သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုဟာ အဆိုးဘက်ကို သိသိသာသာ မရောက်ခဲ့ဘူးလို့ အဒမ်ဖရိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့လမှာလည်း OpenAI က ChatGPT အတွင်း ကြော်ငြာထည့်သွင်းတဲ့အခါ ကုမ္ပဏီအမည်၊ လိုဂိုနဲ့ လင့်ခ်တွေကိုသာ ပြသတာမဟုတ်ဘဲ ကြော်ငြာထားတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေရဲ့ ပုံတွေကိုပါ ထည့်သွင်းပြသသွားမယ်လို့ ကြေညာထားပါတယ်။
အဒမ်ဖရိုင်ကတော့ ကြော်ငြာတွေ စတင်ထည့်သွင်းပြီးနောက် ChatGPT အတွင်း ကြော်ငြာလုပ်ငန်းကို ပိုမိုတိုးချဲ့နိုင်မယ့် အခွင့်အလမ်းတွေ ရှိလာတယ်လို့ ပြောဆိုထားပါတယ်။

