Language:

အွန်လိုင်းလိမ်လည်မှုတွေဖြစ်ပေါ်နေတဲ့အတွက် ငွေလွှဲပြီး ဆိုင်ကယ်ဝယ်ယူတာတွေ သတိထားဖို့လို


အွန်လိုင်းလိမ်လည်မှုတွေဖြစ်ပေါ်နေတဲ့အတွက် ငွေလွှဲပြီး ဆိုင်ကယ်ဝယ်ယူတာတွေ သတိထားဖို့လို

၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ်က ဆိုင်ကယ်အရောင်းအပြခန်းအမည်ခံပြီး အွန်လိုင်းပေါ် ငွေလိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် ငွေလွှဲပြီး ဆိုင်ကယ်ဝယ်ယူတာတွေမပြုလုပ်ဖို့ ဆိုင်ကယ်အရောင်းဆိုင်တွေက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

တာချီလိတ်မြို့မှာ မရှိတဲ့ ဆိုင်ကယ်အရောင်းဆိုင်နာမည်တွေအသုံးပြုပြီး ကျပ်သိန်းတစ်ရာခန့်ပေါက်ဈေးရှိတဲ့ ထိုင်းနိုင်ငံထုတ် မော်တော်ဆိုင်ကယ်တွေကို စရံငွေလွှဲခိုင်းပြီး လိမ်လည်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အွန်လိုင်းပေါ်ဆိုင်ကယ်ရောင်းချနေမှုများကို မယုံကြည်ကြဖို့ ဆိုင်ကယ်ရောင်းဝယ်သူတွေက ပြောပါတယ်။

“အွန်လိုင်းပေါ်က လိမ်တဲ့ ကိစ္စတွေက ခဏခဏဖြစ်နေတာ ဒီလောက်လိမ်ခံနေရတာကို အမှတ်မရှိဘဲ စရံငွေကြိုလွဲပေးတဲ့သူတွေကလဲ ရှိသေးတယ်၊ စဉ်စားကြည့်ပေါ့ ကျပ်သိန်း(၁၀၀)ကျော်တဲ့ ဆိုင်ကယ်ကို စရံငွေ ကျပ်သိန်း(၂၀)လောက်လွှဲခိုင်းပြီး အိမ်အရောက်ငွေချေဆိုဖြစ်နိုင်လားလို့ဆိုတာ”လို့ ဆိုင်ကယ်ရောင်းချသူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

အခုလို တာချီလိတ်က ဆိုင်ကယ်အရောင်းဆိုင်ဟုဆိုကာ TikTok စာမျက်နှာပေါ်ကနေ ဆိုင်ကယ်ရောင်းချနေတဲ့ ရုပ်သံ Video တွေတင်ကာ လိုင်စင်ပါဆိုင်ကယ်တစ်စီးကို ကျပ်သိန်း(၅၀)ကျော်ခန့်နဲ့ မြန်မာနိုင်ငံအနှံအပြားကို အိမ်အရောက်ငွေချေစနစ်နဲ့ ရောင်းချပေးတယ်လို့ လိမ်လည်ရောင်းချနေတာဖြစ်ပါတယ်။

ရပ်ဝေးမှ ဆိုင်ကယ်ဝယ်ယူမယ့်သူတွေအနေနဲ့ ဈေးသက်သက်သာသာနဲ့ ရောင်းချနေတဲ့ ရုပ်သံတွေကြည့်ပြီး လောဘတက်ကာ စရံငွေလွှဲပြီး Account Block ခံရကာ လိမ်လည်ခံရတာတွေဖြစ်နေတာပါ။

“ဆိုင်ကယ်ပေးမယ်ဆိုပြီး စရံငွေ(၄၅)သိန်းအရင်လွှဲခိုင်းအွန်လိုင်းလို့ လွှဲပေးလိုက်တယ် ပြီးတော့ ငွေဈေးတက်သွားလို့ ဆိုင်ကယ်ဈေးတက်သွားပြီး ဆိုင်ယ်လိုချင်ရင် ကျန်တဲ့ငွေလွှဲပေးပါ၊ မပေးရန် စရံပြန်မပေးဘူးလို့ ပြောတော့ ကျန်တဲ့ငွေထပ်လွှဲပေးလိုက်တယ်၊ ငွေလွှဲပြီးတာနဲ့ Account ကို Block သွားတာ”လို့ သာစည်မြို့နယ်က အလိမ်ခံရသူတစ်ဦးက ပြောပါတယ်။

အခုလို မြို့လည်ခေါင်မှာဖွင့်လှစ်ထားတဲ့ ဆိုင်ကယ်ဆိုင်တွေရဲ့ ဓါတ်ပုံတွေအပြင် နိုင်ငံတကာက ဆိုင်ကယ်စက်ရုံတွေ ဆိုင်ကယ်ရောင်းချသူများရဲ့ အွန်လိုင်း ရုပ်သံတွေကို အသုံးပြုပြီး TikTok ပေါ်မှ Follower များတဲ့အကောင်တွေဝယ်ယူကာ လိမ်လည်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။

#လိမ်လည်မှု

#ဆိုင်ကယ်ဆိုင်

#အွန်လိုင်း

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin