၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ် ဒုတိယဝန်ကြီးချုပ်နဲ့ စီးပွားရေးဝန်ကြီး ဟူးဘတ် အိုက်ဝမ်ဂါ (Hubert Aiwanger) ကို ဘာလင်မြို့ရှိ ဟိုတယ်တစ်ခုအတွင်း သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဘာလင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အသက် ၅၅ နှစ်အရွယ် အိုက်ဝမ်ဂါကို ဗုဒ္ဓဟူးနေ့ညနေပိုင်းက မစ်တဲခရိုင်ရှိ ဟိုတယ်အခန်းတစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးရတဲ့အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။
သူသေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေပြီး ပြင်ပလူတစ်ဦးဦး ပါဝင်ပတ်သက်မှုရှိ၊ မရှိကိုလည်း စစ်ဆေးနေပါတယ်။ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဟိုတယ်မှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ရုပ်အလောင်းကိုလည်း ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိပါတယ်။
အိုက်ဝမ်ဂါဟာ မိမိဦးဆောင်တဲ့ Free Voters ပါတီရဲ့ ဘာလင်ရုံးဖွင့်ပွဲကို တက်ရောက်ဖို့ မြို့တော်ကို ရောက်ရှိနေခဲ့တာဖြစ်ပေမဲ့ နေမကောင်းဖြစ်တဲ့အတွက် အခမ်းအနားကို လွဲချော်ခဲ့တယ်လို့ Bild သတင်းစာက ဖော်ပြပါတယ်။
ဒီဖြစ်ရပ်အပေါ် ဘာဗေးရီးယားပြည်နယ်ဝန်ကြီးချုပ် မားကပ်စ် ဆူဒါက အလွန်ကြေကွဲဝမ်းနည်းရပြီး မိသားစုနဲ့ သားသမီးတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။
အိုက်ဝမ်ဂါဟာ ၂၀၀၆ ခုနှစ်ကတည်းက Free Voters ပါတီကို ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပါတီဟာ ဘာဗေးရီးယားပြည်နယ်အစိုးရအဖွဲ့ထဲ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့ပါတယ်။ သူဟာ ဒုတိယဝန်ကြီးချုပ်နဲ့ စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

