၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အင်္ဂါနေ့မှာ ကျင်းပမယ့် အလယ်အလတ်ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံးမဲဆွယ်မှုတွေအဖြစ် အိုင်အိုဝါနဲ့ ကန်ဆပ်ပြည်နယ်တွေမှာ တနင်္ဂနွေနေ့က မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် တစ်ရက်အလို တနင်္လာနေ့ညနေမှာလည်း ဝါရှင်တန်မြို့ရှိ လင်ကွန်းအထိမ်းအမှတ်ရေကန်ရှေ့မှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်က ကြေညာထားပါတယ်။
ထရန့်ဟာ အိုင်အိုဝါပြည်နယ် ဒူးဗက်ခ်မြို့မှာ နှစ်နာရီကျော်ကြာ မိန့်ခွန်းပြောကြားခဲ့ပြီး အထက်လွှတ်တော် ကိုယ်စားလှယ်လောင်း အက်ရှ်လေ ဟင်ဆန်ကို ထောက်ခံမဲပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီနောက် ကန်ဆပ်ပြည်နယ် ဆလီနာမြို့ကို သွားရောက်ပြီး လက်ရှိအထက်လွှတ်တော်အမတ် ရော်ဂျာ မာရှယ်အတွက်လည်း မဲဆွယ်ပေးခဲ့ပါတယ်။ ဒီခရီးစဉ်နှစ်ခုဟာ အစောပိုင်းက ဖျက်သိမ်းထားရာကနေ နောက်ပိုင်းမှာ ပြန်လည်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလကစပြီး ထရန့်ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲ ၂၈ ကြိမ် ပြုလုပ်ထားပြီး သူ့ရဲ့ ရီပတ်ဘလီကန်ပါတီ အနိုင်ရခဲ့ရင် အမေရိကန်ပြည်သူတစ်ဦးစီကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဒီမိုကရက်ပါတီဟာ အမေရိကန်နိုင်ငံကို ကွန်မြူနစ်နိုင်ငံဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ထရန့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
အခုရွေးကောက်ပွဲမှာတော့ အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာလုံးနဲ့ အထက်လွှတ်တော်အမတ်နေရာ ၃၅ နေရာအတွက် မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။
လက်ရှိစစ်တမ်းတွေအရ ဒီမိုကရက်ပါတီဟာ အောက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အလားအလာကောင်းနေပြီး အထက်လွှတ်တော်မှာလည်း အနိုင်ရနိုင်ခြေ ရှိနေပါတယ်။
တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ NBC သတင်းဌာနရဲ့ စစ်တမ်းအရ အမေရိကန်ပြည်သူ ၆၀ ရာခိုင်နှုန်းက ထရန့်ရဲ့ သမ္မတတာဝန်ထမ်းဆောင်မှုအပေါ် မကျေနပ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကြိုတင်မဲပေးထားသူ အရေအတွက်ဟာ ၅၄ သန်းအထိ ရှိလာပြီး စံချိန်တင်အရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့ညနေပိုင်းမှာ ထုတ်ပြန်တဲ့ New York Times နဲ့ Siena တို့ရဲ့ စစ်တမ်းမှာလည်း အနိုင်အရှုံး မသေချာသေးတဲ့ အထက်လွှတ်တော် မဲဆန္ဒနယ် ၇ နေရာလုံးမှာ ဒီမိုကရက်ပါတီက ဦးဆောင်နေပါတယ်။
ဒီမိုကရက်ပါတီသာ အောက်လွှတ်တော်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် ထရန့်အစိုးရရဲ့ မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေကို လွှတ်တော်ကနေတစ်ဆင့် စစ်ဆေးထိန်းကျောင်းနိုင်မယ့် အခြေအနေ ဖြစ်လာမှာပါ။
အထက်လွှတ်တော်ကိုပါ ထိန်းချုပ်နိုင်ခဲ့ရင်တော့ တရားသူကြီးခန့်အပ်မှုတွေနဲ့ အစိုးရရဲ့ အရေးကြီးတဲ့ ခန့်အပ်မှုတွေမှာ ထရန့်ရဲ့ ဆုံးဖြတ်ချက်တွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
ဒါပေမဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကတော့ လက်ရှိထုတ်ပြန်နေတဲ့ စစ်တမ်းတွေဟာ ယုံကြည်စိတ်ချရမှုမရှိဘဲ ရွေးကောက်ပွဲနေ့မှာသာ အမှန်တကယ်ရလဒ်ကို သိရမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
တစ်ချိန်တည်းမှာပဲ အလာစကာပြည်နယ် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ အနိုင်ရရှိမှုကို တားဆီးဖို့ ကြိုးပမ်းချက်တစ်ခုကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက တနင်္ဂနွေနေ့မှာ ပယ်ချခဲ့ပါတယ်။
ဒီရွေးကောက်ပွဲအတွက် မဲဆွယ်ကြော်ငြာနဲ့ စည်းရုံးရေးအသုံးစရိတ်ဟာ ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိလာခဲ့ပြီး ဘီလျံနာ အီလွန်မတ်စ်ကလည်း ရီပတ်ဘလီကန်ပါတီကို ဒေါ်လာ သန်း ၅၀၀ နီးပါး ထောက်ပံ့ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အခုရွေးကောက်ပွဲရလဒ်ဟာ ထရန့်ရဲ့ သမ္မတသက်တမ်းအတွင်း နိုင်ငံရေးအင်အားနဲ့ လွှတ်တော်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်လာမှာပါ။

