Language:

လမ်းဘေးကားပါကင်အတွက် တစ်နာရီ ၅၀၀ ကျပ် ကောက်ခံမှု ရန်ကုန်မြို့ခံများ ဝေဖန်


လမ်းဘေးကားပါကင်အတွက် တစ်နာရီ ၅၀၀ ကျပ် ကောက်ခံမှု ရန်ကုန်မြို့ခံများ ဝေဖန်

၂ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်မြို့ လူစည်ကားရာ Downtown မြို့နယ်တွေမှာ လမ်းဘေးကားရပ်နားခကို တစ်နာရီ ၅၀၀ ကျပ်နှုန်းနဲ့ မနေ့က နိုဝင်ဘာ ၁ ရက်ကစပြီး စတင်ကောက်ခံနေပြီး ပြည်သူများအကြား‌ဝေဖန်မှု မြင့်တက်နေတယ်လို့ အရှေ့သံလွင်သတင်းမီဒီယာရဲ့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

ကားပါကင်နေရာ ရှားပါးတဲ့ မြို့လယ်ပိုင်းမှာ ဆိုင်ရှေ့၊ ဘဏ်ရှေ့နဲ့ တိုက်ခန်းအဆောက်အအုံတွေရှေ့က အများပိုင်လမ်းဘေးနေရာတွေကို ကိုယ်ပိုင်ပါကင်လို သတ်မှတ်ပြီး နေရာဦးထားတဲ့ ပြဿနာတွေကိုလည်း ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်လာတာလို့ ဆိုပါတယ်။

ယာဉ်ရပ်နားခ ကောက်ခံမယ့်နေရာတွေကို ဇုန် (A) ကနေ (H) အထိ စုစုပေါင်း ၈ ဇုန်ခွဲထားပြီး လမ်းမကြီးတွေ၊ နံပါတ်တပ်လမ်းတွေနဲ့ လမ်းသွယ်တွေပါ ထည့်သွင်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒီအစီအစဉ်အပေါ်မှာတော့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား အမြင်မတူတာတွေလည်း ရှိနေပြီး ထောက်ခံသူတွေက အများပိုင်လမ်းဘေးနေရာတွေကို ကိုယ်ပိုင်နေရာလို သတ်မှတ်ပြီး ပါကင်ဦးထားတာတွေ လျော့နည်းလာနိုင်တယ်လို့ မြင်ကြပါတယ်။

တစ်ဖက်မှာလည်း ကားဝယ်ယူစဉ်ကတည်းက အခွန်အခတွေ အများအပြားပေးဆောင်ထားရတဲ့အပြင် လမ်းဘေးမှာ ကားရပ်နားဖို့အတွက်ပါ ထပ်မံပေးဆောင်ရမယ့်အပေါ် ‌ဝေဖန်သူတွေလည်း ရှိနေပါတယ်။

ရန်ကုန်မြို့ထဲပိုင်းက မိမိအိမ်ရှေ့မှာ ရပ်နားထားတဲ့ကားကို စည်ပင်၀န်ထမ်းဆိုသူအချို့က ကားပါကင်ကြေးဟုဆိုကာ လာရောက် ငွေကြေးကောက်ခံမှုကြောင့် ပြသနာများစွာလည်း စတင်ကောက်ခံတဲ့နေ့မှာ ဖြစ်ပွားခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းအစိုးရဘက်ကတော့ ယာဉ်ရပ်နားခ ကောက်ခံရေးလုပ်ငန်းကိုတော့ သတင်းစာကတစ်ဆင့် တင်ဒါခေါ်ယူပြီး တင်ဒါစနစ်နဲ့ လုပ်ကိုင်ခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

#ရန်ကုန်မြို့လယ်

#ကားပါကင်ခ

#တစ်နာရီ၅၀၀ကျပ်

#ပြည်သူများအကြား

ဆက်စပ်သတင်းများ

Eastern Thanlwin