၁ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးဖို့ ဝင်ငွေခွန်ပေးဆောင်ပြီး မြန်မာနိုင်ငံကို လစာငွေ ပြန်လည်လွှဲပို့ထားတဲ့ အထောက်အထားတွေ ပြသရဖို့ လိုအပ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ သတ်မှတ်ချက်ကို နိုဝင်ဘာ ၁ ရက်က စတင်ကျင့်သုံးရမှာဖြစ်ပြီး ပြည်ပရှိ မြန်မာသံရုံးတွေမှာ ပတ်စ်ပို့သက်တမ်းတိုးခြင်း အပါအဝင် ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုတွေ ရယူတဲ့အခါ လိုက်နာရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်မှာ အခုလို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။
တင်ပြရမယ့် အထောက်အထားတွေထဲမှာ တစ်နှစ်စာ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ ပြေစာနဲ့ လစဉ်ရရှိတဲ့ လစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ မိသားစုထံ တရားဝင်ဘဏ်စနစ် ဒါမှမဟုတ် အသိအမှတ်ပြု ငွေလွှဲလုပ်ငန်းတွေကနေ ပေးပို့ထားတဲ့ မှတ်တမ်းတွေ ပါဝင်ပါတယ်။
ဒီလိုအထောက်အထားတင်ပြရမယ့် သတ်မှတ်ချက်ဟာ မြန်မာနိုင်ငံကို ခေတ္တပြန်လာပြီး ပြည်ပပြန်ထွက်မယ့် အလုပ်သမားတွေအပြင် ပြည်ပမှာပဲ ဆက်လက်နေထိုင်ရင်း PJ ပတ်စ်ပို့သက်တမ်းတိုးမယ့်သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးကတော့ ပတ်စ်ပို့သက်တမ်းတိုးမယ့်သူတွေအတွက် လစာဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကို တစ်နှစ်စာ ဝင်ငွေခွန်ပေးဆောင်ထားကြောင်း အထောက်အထားနဲ့ နောက်ဆုံး (၃)လအတွင်း မြန်မာနိုင်ငံကို ငွေလွှဲထားတဲ့ ပြေစာတွေ တင်ပြဖို့ သီးခြားအသိပေးထားပါတယ်။
အခုလို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာနိုင်သူတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးခွင့်၊ OWIC ကဒ်ရရှိရေးတို့မှာ အခက်အခဲ၊ ကန့်သတ်ချက်တွေ ကြုံတွေ့လာနိုင်တယ်လို့ မြန်မာအလုပ်သမား အများစုက ဆိုပါတယ်။

