Language:

ထရမ့်က Nvidia အမှုဆောင်ချုပ်ကို တရုတ်သူလျှိုက ထောင်ခဲ့တယ်ဆိုတဲ့ သတင်းကို အနီးကပ်စောင့်ကြည့်နေ


ထရမ့်က Nvidia အမှုဆောင်ချုပ်ကို တရုတ်သူလျှိုက ထောင်ခဲ့တယ်ဆိုတဲ့ သတင်းကို အနီးကပ်စောင့်ကြည့်နေ

၁ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Nvidia ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် Jensen Huang ကို တရုတ်သူလျှိုတစ်ဦးက ထောင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ အောက်တိုဘာ ၃၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ်က သူ့ရဲ့နေအိမ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ထရမ့်က အခုလို ပြောကြားခဲ့တာဖြစ်ပြီး Jensen Huang ဟာ တော်သလို ဉာဏ်လည်းကောင်းသူဖြစ်တယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

New York Times သတင်းစာရဲ့ အောက်တိုဘာ ၂၉ ရက် ဖော်ပြချက်အရ အမေရိကန်ထောက်လှမ်းရေးအာဏာပိုင်တွေဟာ စင်္ကာပူအခြေစိုက် ဒေတာစင်တာကုမ္ပဏီတစ်ခုနဲ့ ဆက်စပ်နေတဲ့ တရုတ်အမှုဆောင်အမျိုးသမီးတစ်ဦးဟာ ဘေဂျင်းကို သတင်းအချက်အလက်တွေ ပေးပို့နေတယ်ဆိုတာကို အတည်ပြုထားတယ်လို့ သိရပါတယ်။

အဲဒီအမျိုးသမီးဟာ Alice Huang ဒါမှမဟုတ် Huang Le လို့ အမည်ရတဲ့ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး Nvidia အမှုဆောင်ချုပ် Jensen Huang နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထရမ့်ဟာ ဒီထောက်လှမ်းရေးသတင်းကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက သိရှိထားပေမဲ့ Nvidia ရဲ့ ချစ်ပ်ရောင်းချမှုနဲ့ တရုတ်နိုင်ငံအပေါ်ထားရှိတဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေ ထိခိုက်လာမှာကို စိုးရိမ်တာကြောင့် အရေးယူဆောင်ရွက်မှု မလုပ်ခဲ့ဘူးလို့လည်း New York Times က ရေးသားထားပါတယ်။

Alice Huang ဟာ Megaspeed အမည်ရှိ စင်္ကာပူဒေတာစင်တာကုမ္ပဏီမှာ အကြီးတန်းအမှုဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အမေရိကန်အာဏာပိုင်တွေက သူမဟာ အမေရိကန်ရဲ့ တင်ပို့ခွင့်ကန့်သတ်ထားတဲ့ Nvidia အဆင့်မြင့်ချစ်ပ်တွေ တရုတ်နိုင်ငံကို ရောက်ရှိစေဖို့ ကူညီပေးနေတယ်လို့ သံသယရှိခဲ့တာပါ။

အမေရိကန်အစိုးရဟာ Megaspeed ကုမ္ပဏီကို ၂၀၂၄ ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးနေခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ်အတွင်း ထိုင်ပေမြို့က ဘားတစ်ခုမှာ Jensen Huang နဲ့ Alice Huang တို့ အတူထိုင်နေတဲ့ ဓာတ်ပုံတစ်ပုံလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Nvidia ဘက်ကတော့ Alice Huang နဲ့ လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေသာဖြစ်ပြီး ချစ်ပ်တွေကို တရုတ်နိုင်ငံဆီ တရားမဝင်ပို့ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးပြီး ငြင်းဆိုထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

Nvidia ပြောခွင့်ရသူ John Rizzo ကလည်း ဒေတာစင်တာဖောက်သည်တွေဟာ ပုံမှန်စီးပွားရေးဆိုင်ရာ အချက်အလက်တွေသာ ရရှိနိုင်ပြီး အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အခုသတင်းကို အခြေအမြစ်မရှိတဲ့ ခန့်မှန်းချက်အဖြစ် ပယ်ချထားပါတယ်။

ထရမ့်ကတော့ Jensen Huang ကို အလွန်လေးစားကြောင်း၊ သူ အဆင်ပြေပါစေလို့ မျှော်လင့်ကြောင်းနဲ့ တော်ပြီး ဉာဏ်ကောင်းတဲ့သူတွေကို အမေရိကန်အနေနဲ့ ကာကွယ်ပေးချင်တယ်လို့ ပြောပါတယ်။

Jensen Huang ကို အကြံပေးအဖြစ် ဆက်လက်ထားရှိမလားဆိုတဲ့ မေးခွန်းကိုလည်း တစ်စုံတစ်ရာ ဆန့်ကျင်ဘက်အထောက်အထား မတွေ့မချင်း ဆက်လက်ထားရှိဖို့ ဆန္ဒရှိတယ်လို့ ထရမ့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

Jensen Huang ဟာ ထရမ့်ရဲ့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မူဝါဒအကြံပေးတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေလကလည်း ထရမ့်နဲ့အတူ ဘေဂျင်းမြို့ကို သွားရောက်ခဲ့သူဖြစ်ပါတယ်။ လာမယ့်လမှာ ထရမ့်ရဲ့ တရုတ်ခရီးစဉ်အတွင်း အခုကိစ္စကို ဆွေးနွေးလာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

#ထရမ့်

#ဘေဂျင်းမြို့

#ထောက်လှမ်ရေး

ဆက်စပ်သတင်းများ

Eastern Thanlwin