Language:

နိုင်ငံတကာဥပဒေကို ကာကွယ်ခဲ့သူ တောင်အာဖရိက တရားသူကြီးဟောင်း နာဗာနီသမ် နာဗီ ပီလေး ငြိမ်းချမ်းရေး နိုဘယ် ဆုရရှိ


နိုင်ငံတကာဥပဒေကို ကာကွယ်ခဲ့သူ တောင်အာဖရိက တရားသူကြီးဟောင်း နာဗာနီသမ် နာဗီ ပီလေး ငြိမ်းချမ်းရေး နိုဘယ် ဆုရရှိ

၁၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

တောင်အာဖရိက တရားသူကြီးဟောင်း နာဗာနီသမ် နာဗီပီလေးကို ၂၀၂၆ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆု ရွေးချယ်ကြောင်း နော်ဝေ နိုဘယ် ကော်မတီမှ အောက်တိုဘာ ၉ ရက်က နော်ဝေနိုင်ငံ အော့စလို မြို့၌ ကြေညာလိုက်ပါတယ်။

အသက် ၈၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ဥပဒေကို မြှင့်တင်ရန် ကြိုးပမ်းခဲ့မှုများ အတွက် ရွေးချယ်လိုက်တာလို့ သိရပြီး ဆုကြေးငွေမှာ ဆွီဒင် ခရိုနာ ၁၂ သန်း၊ ဒေါ်လာ ၁ သန်း ၂ သိန်းခန့်လို့ ဆိုထားပါတယ်။

နိုင်ငံတကာ ဥပဒေစနစ်သည် ဖိအားများ၊ တိုက်ခိုက်မှုများနဲ့ ရင်ဆိုင်နေရချိန် ဥပဒေ စိုးမိုးရေး၏ အရေးပါမှုကို ကော်မတီက အလေးပေး ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆုကြေညာချိန် ပီလေးသည် ဂျာမနီနိုင်ငံ နုရင်ဘတ်မြို့၌ ညီလာခံတက်ရောက်နေပြီး သူမက ယခု ရရှိတဲ့ ဆုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများမှ အသက်ရှင် ကျန်ရစ်သူတွေနဲ့ တရားမျှတမှုကို ကာကွယ်သူများအတွက်

ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ အချိန်မှာ နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေးများ နိုင်ငံရေးအရ တိုက်ခိုက်ခံနေရတဲ့ ကာလဖြစ်နေတယ်လို့လည်း သူမက သတိပေးခဲ့ပါတယ်။

ပီလေးသည် အသားအရောင် ခွဲခြားမှု ခေတ်အတွင်း လူ့အခွင့်အရေး အမှုလိုက် ရှေ့နေအဖြစ် စတင်ခဲ့ပြီး နယ်လ်ဆင် မင်ဒဲလားနဲ့ ရော့ဘန်ကျွန်းတို့ကဲ့သို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီခဲ့သူ တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ သူမသည် ရဝမ်ဒါ ရာဇဝတ်ခုံရုံးနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့မှာ တရားသူကြီးအဖြစ် လည်းကောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးအဖြစ် ၂၀၀၈ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

လက်ရှိ သူမသည် ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံကအမှုတွေမှာလည်း နိုင်ငံတကာ တရားရုံး၌ အထူးတရားသူကြီးအဖြစ် ပါဝင်နေတာလို့ သတင်းတွေက ဖော်ပြထားပါတယ်။

တောင်အာဖရိက သမ္မတ ရမ်မာဖိုဆာနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲတို့က ဂုဏ်ပြုစကားပြောကြားခဲ့ ကြပြီး အစ္စရေး နိုင်ငံခြားရေးဌာနကမူ ရွေးချယ်မှုကို ဝေဖန်ခဲ့ကာ ဆုကြေညာအပြီး နာရီပိုင်းအတွင်း အမေရိကန်က နိုင်ငံတကာ ရာဇဝတ် ခုံရုံး အပေါ် အရေးယူမှုများ ချမှတ်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

#နိုင်ငံတကာဥပဒေ

#ကာကွယ်ခဲ့သူ

#တောင်အာဖရိက

#တရားသူကြီး

#နာဗာနီသမ်နာဗီပီလေး

#ငြိမ်းချမ်းရေး

#နိုဘယ်ဆု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin