၁၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
NPW
အစိုးရရဲ့ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတွေ၊ ပုဂ္ဂလိက အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပုဂ္ဂလိက ဒီဂျစ်တယ်ငွေပေးချေမှု စနစ်တွေကို ဆိုက်ဘာတိုက်ခိုက်ခဲ့တဲ့သူကို ဖမ်းဆီးရမိဟု နိုင်ငံပိုင်မီဒီယာကတဆင့် အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန်ခဲ့သူ ဝေဖြိုးအောင်(ခ)အောင်မျိုးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တရားခံ ဝေဖြိုးအောင်(ခ)အောင်မျိုးအနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လပထမပတ်ခန့်မှာ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ ကောလိပ်တစ်ခုက ကျောင်းသားတွေရဲ့ Account တွေက အချက်အလက်တွေနဲ့ မြန်မာနိုင်ငံ အခြေစိုက် အလုပ်အကိုင်ရှာဖွေရေး Website တစ်ခုက အချက်အလက်တွေ၊ ဇွန်လဒုတိယပတ်ခန့်မှာ မြန်မာနိုင်ငံအခြေစိုက် ပြည်ပတက္ကသိုလ်တစ်ခုက ကျောင်းသားတွေရဲ့ အချက်အလက်တွေကို ဆိုက်ဘာ တိုက်ခိုက်တာလို့ ထုတ်ပြန်ပါတယ်။
ထို့ပြင် ဇူလိုင်လဒုတိယပတ်ခန့်မှာ မော်တော်ယာဉ်ငှားရမ်းတဲ့ အကျိုးဆောင်လုပ်ငန်း Website တစ်ခုက အချက်အလက်တွေကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ပြီး ခြိမ်းခြောက်ငွေတောင်းတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အ လက်တွေကို အွန်းလိုင်းပေါ် ဖြန့်ဝေခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဩဂုတ်လဒုတိယပတ်ခန့်မှာလည်း Telecom Website တစ်ခုက အချက်အလက်တွေ၊ ပုဂ္ဂလိကဒီဂျစ်တယ်ငွေပေး ချေမှု Website တစ်ခုက အချက်အလက်တွေ၊ စက်တင်ဘာလပထမပတ်ခန့်မှာ အစိုးရရဲ့ Online ဝန်ဆောင်မှု Website တစ်ခုက အချက်အလက်တွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်တာလို့ ဆိုပါတယ်။
အဲ့ဒီနောက် အချက်အလက်တွေကို တရားမဝင်ရယူကာ ခြိမ်းခြောက်ငွေကြေးတောင်းတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို Online က တစ်ဆင့် ဖြန့်ဝေခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ သိရပါတယ်။
အခုလို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တရားမဝင်ရယူတာ၊ ခြိမ်းခြောက် ငွေကြေးတောင်းခံတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို Online က တစ်ဆင့် ဖြန့်ဝေ ခြိမ်းခြောက်တာတွေဟာ e-Govern ment စနစ်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နေမှုတွေနဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို သက်ရောက်မှုတွေဖြစ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ထို့ကြောင့် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခဲ့သူ ဖမ်းဆီးရမိတရားခံ ဝေဖြိုးအောင်(ခ)အောင်မျိုးကို တရားဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
အစိုးရအနေနဲ့ e-Government စနစ် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေတာမှာ သတင်းအချက်အလက်တွေ၊ ဆိုက်ဘာ အရင်းအမြစ်တွေ၊ အရေးကြီး သတင်းအချက်အလက်ဆိုင်ရာ အခြေခံလုပ်ငန်းတွေကို ခွင့်ပြုချက်မရှိဘဲ ရယူတာ၊ အသုံးပြုတာ၊ နှောင့်ယှက်တာ၊ ထုတ်ဖော်ရေးသားတာ၊ ပေးပို့ဖြန့်ဝေတာတွေ လုပ်ဆောင်နေတဲ့ ဆိုက်ဘာရာဇဝတ်မှုပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ဆိုက်ဘာလုံခြုံရေးဥပဒေတွေနဲ့အညီ အရေးယူနေတယ်လို့ သိရပါတယ်။
#အစိုးရ၊ပုဂ္ဂလိက

