Language:

လိုင်စင်မရှိတဲ့ အိမ်ခြံမြေ အကျိုးဆောင်များကို ဥပဒေအရ ထောင်ဒဏ်အပြင် ငွေဒဏ်ပါချမှတ်နိုင်ရန် ညွှန်ကြားထား


လိုင်စင်မရှိတဲ့ အိမ်ခြံမြေ အကျိုးဆောင်များကို ဥပဒေအရ ထောင်ဒဏ်အပြင် ငွေဒဏ်ပါချမှတ်နိုင်ရန် ညွှန်ကြားထား

၁၀ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အတွင်း အိမ်ခြံမြေအကျိုးဆောင်များအနေနဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လိုင်စင်ကို မြို့နယ်အဆင့် မှတ်ပုံတင်ရုံးမှာ စနစ်တကျ မှတ်ပုံတင်လျှောက်ထားရမှာဖြစ်လို့ လိုင်စင်မရှိတဲ့ အိမ်ခြံမြေ အကျိုးဆောင်များကို ဥပဒေအရ ထောင်ဒဏ်အပြင် ငွေဒဏ်ပါချမှတ်နိုင်ရန် ညွှန်ကြားထားပါတယ်။

လိုင်စင်မရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများကို မည်ကဲ့သို့ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းကို ရှမ်းပြည်နယ်လွှတ်တော်တွင် မေးမြန်းခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော် တတိယအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ဖြစ်တဲ့ အောက်တိုဘာလ (၈) ရက်နေ့မှာ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးအောင်ကျော်ညွှန့်က မှတ်ပုံတင်ခြင်းမပြုဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး “ အသိအမှတ်ပြုလက်မှတ်မရှိသူများအနေဖြင့် တရားဝင်လက်မှတ်ရရှိမှသာ လုပ်ငန်းလုပ်ကိုင်စေရေးနှင့် မြန်မာနိုင်ငံအိမ်ခြံမြေအသင်းမှ ပို့ချထားသော သင်တန်းများ တက်ရောက်စေရေး၊ နိုင်ငံ၏အခွန်ရရှိမှု လေလွင့်မှုမရှိစေရေးအတွက် ဥပဒေနှင့်အညီ အကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်စေရန် ညွှန်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက ရှင်းလင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို (၂၀၂၆) ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၃) (ဆ) တွင် အကျုံးဝင်တဲ့ လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး ပုဒ်မ (၅၂) အရ မည်သူမဆို ကြီးကြပ်ရေးအာဏာပိုင်ထံ ကြိုတင်တင်ပြခြင်းမရှိဘဲ အဆိုပါလုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါတယ်။

ဒါ့အပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို လိုင်စင်မရှိဘဲဖြစ်စေ၊ သက်ဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်ထံ သတင်းပို့ခြင်းမရှိဘဲဖြစ်စေ လုပ်ကိုင်ပါက ပုဒ်မ (၅၇) ပါ ပြဋ္ဌာန်းချက်အရ လုပ်ငန်းလုပ်ကိုင်သူများအနေနဲ့ ကြီးကြပ်ရေးအာဏာပိုင်ထံ သတင်းပို့ရန်နှင့် လိုင်စင်ရယူရန် သတ်မှတ်ထားသည့်အချက်ကို ဖောက်ဖျက်ကျူးလွန်ရာရောက်နိုင်ပါတယ်။

အဆိုပါဖောက်ဖျက်မှုများအတွက် ပုဒ်မ (၆၂) နှင့် (၆၃) (က) တို့အရ ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ကျပ်သန်းသုံးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အစိုးရရဲ့ ဥပဒေပြဋ္ဌာန်းထုတ်ပြန်ချက်အရ သိရပါတယ်။

#အိမ်ခြံမြေလုပ်ငန်း

#အကျိုးဆောင်လုပ်ငန်း

#ဦးအောင်ကျော်ညွှန့်

#ရပ်ဆောက်မဲဆန္ဒနယ်

#ရှမ်းပြည်နယ်လွှတ်တော်

#စိုက်မွေးဆည်ဝန်ကြီး

#ရှမ်းပြည်နယ်အစိုးရ

#တောင်ကြီး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin