၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၊ အီရတ်စ်ကပ်မြို့အနီးမှာရှိတဲ့ ပလိပ်ရောဂါ သုတေသနဌာနအတွင်း မမျှော်လင့်ထားတဲ့ ဓာတ်ခွဲခန်းမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် အမျိုးသမီးသုတေသနပညာရှင်တစ်ဦးဟာ နမူနာတွေကို စစ်ဆေးဖို့ ပြင်ဆင်နေစဉ် အဆုတ်ပလိပ်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပါဝင်တဲ့ စမ်းသပ်ပြွန်တစ်ခု လက်လွတ်ကျပြီး ကွဲသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ပိုးမွှားတွေ ပျံ့နှံ့သွားခဲ့ပြီး သုတေသနပညာရှင်အမျိုးသမီးဟာ ကူးစက်ခံရကာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်ခဲ့ကာ ဆေးရုံမှာ ကုသမှုခံယူနေစဉ် သုံးရက်အတွင်းမှာပဲ သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်နောက်ပိုင်း ရုရှားအာဏာပိုင်တွေက အဆိုပါသုတေသနဌာနမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ၊ သုတေသနပညာရှင်တွေအပြင် သေဆုံးသူကို ကုသပေးခဲ့တဲ့ ဆရာဝန်နဲ့ သူနာပြုတွေကိုပါ သီးခြားခွဲထားပြီး ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
ဒါ့အပြင် သုတေသနဌာနနဲ့ လူနာကုသခဲ့တဲ့ ဆေးရုံကိုလည်း ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားပြီး ကန့်သတ်ထိန်းချုပ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သေဆုံးသူ အမျိုးသမီးနဲ့ နီးကပ်စွာ ထိတွေ့ခဲ့သူတွေအပါအဝင် အန္တရာယ်ရှိနိုင်တဲ့ လူဦးရေ အနည်းဆုံး ၁၉၇ ဦးကို သီးခြားခွဲထားပြီး ဆေးဘက်ဆိုင်ရာ စောင့်ကြည့်နေပါတယ်။
အဲဒီအထဲက လူ ၁၀၀ ခန့်မှာ နာမကျန်းဖြစ်တဲ့ လက္ခဏာတွေ စတင်ပေါ်ပေါက်နေတယ်လို့ သတင်းမှာ ဆိုထားပြီး အီရတ်စ်ကပ်ဒေသ အုပ်ချုပ်ရေးမှူး အီဂေါ ကော့ဘ်ဇက်ဗ်ကတော့ ပြည်သူတွေအနေနဲ့ ထိတ်လန့်မနေကြဖို့ တိုက်တွန်းထားပြီး လက်ရှိအခြေအနေကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောပါတယ်။
တစ်ဖက်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ၊ CDC တို့က ရုရှားနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။
အဆုတ်ပလိပ်ရောဂါဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်တာကြောင့် ဓာတ်ခွဲခန်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုဟာ နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေအတွက်လည်း စိုးရိမ်စရာဖြစ်လာနေပါတယ်။

