၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
လာအိုနိုင်ငံ Ban Keun လေဆိပ်မှာ တရုတ်-လာအို ပူးတွဲစစ်ဘက်ထောက်ပံ့နဲ့ လေ့ကျင့်ရေးစင်တာနဲ့ လေကြောင်းအကယ်ဒမီကို စက်တင်ဘာ ၂၉ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အဲဒီစင်တာကို နှစ်ဖက်ပူးတွဲထိန်းသိမ်းသွားမှာဖြစ်ပြီး လာအိုလေတပ် လေယာဉ်မှူးတွေ လေ့ကျင့်နိုင်ဖို့ အထောက်အကူပြုသွားမယ်လို့ ပြောပါတယ်။ ဒီအစီအစဉ်ဟာ ဘယ်တတိယနိုင်ငံကိုမှ ရည်ရွယ်တာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
လာအိုလေတပ်မှာ လေယာဉ်အနည်းငယ်သာရှိပြီး အဆင့်မြင့်လေ့ကျင့်မှုတွေအတွက် နိုင်ငံခြားကို သွားရောက်လေ့ကျင့်ရလေ့ရှိခဲ့ပါတယ်။ အခုတော့ ပြည်တွင်းမှာပဲ လေ့ကျင့်နိုင်တော့မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak ကတော့ သူ့ရဲ့ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိ လာအိုခရီးစဉ်အတွင်း ဒီကိစ္စကို မဆွေးနွေးခဲ့ရသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သင့်တော်တဲ့အချိန်ရောက်ရင် Vientiane နဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်က ထိုင်းနိုင်ငံကို ကြိုတင်အသိပေးထားပြီး ဒီအစီအစဉ်ဟာ လာအိုနဲ့ တရုတ်တို့ရဲ့ ကိစ္စဖြစ်တာကြောင့် ထိုင်းဘက်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း Sihasak က ပြောပါတယ်။
ဒီခရီးစဉ်ဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ထိုင်း-လာအို ပူးတွဲကော်မရှင်အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါစခန်းဟာ ထိုင်းနယ်စပ် Nong Khai ကနေ ၅၀ ကီလိုမီတာခန့်သာ ကွာဝေးပါတယ်။
ထိုင်းကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူကတော့ လာအိုနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် ဆုံးဖြတ်ချက်ကို လေးစားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဖြစ်ပေါ်တိုးတက်မှုတွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ Reuters ကို ပြောထားပါတယ်။
လေ့လာသူအချို့ကတော့ ဒီစခန်းဟာ အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည့်စုံတဲ့ ပြည်ပစစ်စခန်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမယ့် အချို့ကတော့ လက်ရှိအချိန်မှာ လေယာဉ်ငယ်တွေနဲ့ လေ့ကျင့်ရေးလုပ်ငန်းတွေအတွက်သာ အသုံးပြုနိုင်သေးတယ်လို့ သတိပေးထားပါတယ်။
ထိုင်းနိုင်ငံဟာ အင်အားကြီးနိုင်ငံတွေအကြား ဘက်မလိုက်တဲ့ မူဝါဒကို ကျင့်သုံးနေတယ်လို့ ပြောထားပေမယ့် တရုတ်နိုင်ငံရဲ့ ဒေသတွင်းလွှမ်းမိုးမှု တိုးလာနေတာနဲ့ပတ်သက်ပြီး Sihasak က Ream ရေတပ်စခန်းနဲ့ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုတွေကို ဥပမာပေးပြီး ထောက်ပြခဲ့ပါတယ်။

