Language:

GTA 6 ဂိမ်းမှာ မူးယစ်ဆေးနဲ့ လိင်ပိုင်းဆိုင်ရာကို အသက်သတ်မှတ်ချက်နဲ့သာ ဆော့ကစားနိုင်မယ်


GTA 6 ဂိမ်းမှာ မူးယစ်ဆေးနဲ့ လိင်ပိုင်းဆိုင်ရာကို အသက်သတ်မှတ်ချက်နဲ့သာ ဆော့ကစားနိုင်မယ်

၅ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

Grand Theft Auto 6 (GTA 6) ဂိမ်းတွင် ဇာတ်ကောင်များအနေနဲ့ မူးယစ်ဆေးဝါးတွေကို ဂိမ်းအတွင်း သယ်ဆောင်ထားပြီး အချိန်မရွေး တိုက်ရိုက်အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက် ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

ဥရောပဂိမ်းအသက်အရွယ်သတ်မှတ်ရေးအဖွဲ့ PEGI ရဲ့ ဝက်ဘ်ဆိုက်မှာ GTA 6 ကို အသက် ၁၈ နှစ်နှင့်အထက် အတွက် သတ်မှတ်ထားတဲ့ Rating ကို မကြာသေးခင်က ဖော်ပြခဲ့ပြီးနောက် ပြန်လည် ဖျက်သိမ်းခဲ့ပေမဲ့ Rating အချက်အလက်တွေကို ပရိသတ်တွေက သိမ်းဆည်းထားနိုင်ခဲ့ပြီး အွန်လိုင်းမှာ ပြန်လည်မျှဝေခဲ့ကြပါတယ်။

PEGI ရဲ့ ဖော်ပြချက်အရ GTA 6 မှာ လူသတ်မှု၊ လုယက်မှု၊ သေနတ်ပစ်ခတ်မှုနဲ့ အခြားတရားမဝင်လုပ်ရပ်တွေ၊ ဆဲဆိုစကားတွေ ပါဝင်မယ့်အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုကိုလည်း မကြာခဏနဲ့ ထင်ရှားစွာ ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။

“ကစားသူဟာ အခြားဇာတ်ကောင်တွေနဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲနိုင်သလို၊ တရားမဝင်မူးယစ်ဆေးဝါးတွေကို ကိုယ့်ရဲ့ Inventory ထဲကနေ တိုက်ရိုက်အသုံးပြုနိုင်မယ်”လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် ကိုကင်းကို ကစားသူက သယ်ဆောင်ထားနိုင်ပြီး လက်ထဲကနေ အချိန်မရွေး အသုံးပြုနိုင်မယ်လို့ PEGI ရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။

အရင် GTA ဂိမ်းတွေမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ပေမယ့် ဇာတ်ကောင်တွေကိုယ်တိုင် လွတ်လွတ်လပ်လပ် သုံးစွဲနိုင်တဲ့ ပုံစံက ပိုမိုကန့်သတ်ထားပါတယ်။ ဥပမာ GTA 5 နဲ့ GTA Online တို့မှာ ဆေးခြောက်သုံးစွဲနိုင်တဲ့ Bong တွေ ပါဝင်ပေမယ့် အများအားဖြင့် ကစားသူပိုင် အိမ်ခန်းတွေလို နေရာတွေမှာသာ တွေ့ရပါတယ်။

GTA 6 ရဲ့ အသက်အရွယ်သတ်မှတ်ချက်မှာ လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေလည်း ထည့်သွင်းဖော်ပြထားပါတယ်။ PEGI ရဲ့ ဖော်ပြချက်အရ ဂိမ်းထဲမှာ အဝတ်အစားမပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ လိင်ဆက်ဆံမှုကို ပြသတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူအချို့ ပါဝင်လာနိုင်ပါတယ်။

ထို့အပြင် နိုက်ကလပ်တွေမှာ ကစားသူက ကိုယ်ပိုင်အကဖျော်ဖြေမှုတွေကို ငွေပေးကြည့်ရှုနိုင်ပြီး အကဖျော်ဖြေသူရဲ့ ခန္ဓာကိုယ်ကို ထိတွေ့နိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်မယ်လို့ Rating မှာ ဖော်ပြထားပါတယ်။

အခြား GTA ဂိမ်းတွေလိုပဲ GTA 6 မှာလည်း အကြမ်းဖက်မှုနဲ့ သေနတ်ပစ်ခတ်မှုတွေ အဓိက ပါဝင်မှာဖြစ်ပါတယ်။

PEGI က ကစားသူအနေနဲ့ ဂိမ်းကမ္ဘာထဲက ဇာတ်ကောင်တွေအပေါ် လက်တွေ့ဆန်တဲ့ အကြမ်းဖက်မှုတွေ ပြုလုပ်နိုင်မယ် လို့ ဖော်ပြထားပြီး လက်နက်အချို့က ပိုမိုပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်း ပြတ်တောက်မှုတွေကို အသေးစိတ်မြင်တွေ့ရစေနိုင်တယ်လို့ ဆိုပါတယ်။

Rockstar Games က GTA 6 ရဲ့ ရာသီဥတုစနစ်နဲ့ ဂိမ်းကမ္ဘာတစ်ခုလုံးရဲ့ အသေးစိတ်ဖော်ပြမှုတွေကို အရင်ဂိမ်းတွေထက် ပိုမိုလက်တွေ့ကျအောင် ပြန်လည်တည်ဆောက်ထားတယ်လို့ ပြောထားတာကြောင့် အကြမ်းဖက်မှုတွေကို ပိုမိုလက်တွေ့ဆန်စွာ မြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။

#Game

#နိုင်ငံတကာသတင်း

#GTA6

#မူးယစ်ဆေး

#လိင်ပိုင်းဆိုင်ရာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin