၅ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်း – မြန်မာနယ်စပ် ချင်းရိုင်းခရိုင်အတွင်းမှာ ထိုင်းနိုင်ငံက တိုင်းရင်းသားတွေကို ထုတ်ပေးတဲ့ တောင်ပေါ်သားကဒ် “နံပါတ် ၀” မှတ်ပုံတင်ကတ် ရရှိအောင် တရားမဝင်နည်းလမ်းနဲ့ ကူညီပေးနေတဲ့ ကွန်ရက်ကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ(၄)ရက် နံနက်ပိုင်းက ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ မှတ်ပုံတင်ဆိုင်ရာ လုံခြုံရေးဌာန DOPA N.I.C.E. က ထိုင်းရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး တရားမဝင်နည်းလမ်းသုံးပြီး နိုင်ငံသားဖြစ်ဖို့ ကြိုးစားလုပ်ကိုင်ပေးနေတဲ့ ကွန်ရက်ကို ဖြိုးခွင်းဖို့ “Northern Shadow” စစ်ဆင်ရေးကို ချင်းရိုင်ပြည်နယ် ဒွိုင်လွမ်နဲ့ မယ်ဆိုင်မြို့နယ်တွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးက ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား နိုင်ငံခြားသားတွေကို “နံပါတ် ၀” မှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ဖို့ ဆက်သွယ်စီစဉ်ပေးနေတဲ့ ကွန်ရက်ကို စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်း နိုင်ငံခြားသားတွေကို မှတ်ပုံတင်စာရင်းထဲ အလွဲသုံးစားနဲ့ ထည့်သွင်းပေးပြီး “နံပါတ် ၀” ကတ် ရရှိအောင် စီစဉ်ပေးတယ်လို့ စွပ်စွဲခံထားရသူ (၂)ဦးကို ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ အဲဒီကွန်ရက်ဟာ အင်တာပိုလ် Red Notice ထုတ်ပြန်ထားတဲ့ လိမ်လည်မှုလုပ်ငန်းကွန်ရက်တွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချင်းရိုင်ပြည်နယ်အတွင်း နိုင်ငံခြားသားတွေကို အိမ်ထောင်စုစာရင်းထဲ မသမာတဲ့နည်းလမ်းနဲ့ ပြောင်းရွှေ့ထည့်သွင်းပြီး နံပါတ် ၀ မှတ်ပုံတင်ကတ် ရရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ သံသယရှိသူတွေကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ မှတ်ပုံတင်ဆိုင်ရာ လုံခြုံရေးဌာနက ဦးဆောင်ပြီး ထိုင်းရဲတပ်ဖွဲ့နဲ့ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေက ချင်းရိုင်နယ်စပ်ဒေသအတွင်း မှတ်ပုံတင်စာရင်းဆိုင်ရာ အလွဲသုံးစားမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ပြောထားပါတယ်။

