Language:

တာချီလိတ် သူခိုးလက်ခံများကြောင့် ခိုးမှုဖြစ်ပွားနှုန်း ပိုများလာပြီး ရဲတပ်ဖွဲ့ မှ မှုခင်း မထိန်းချုပ်နိုင်


တာချီလိတ် သူခိုးလက်ခံများကြောင့် ခိုးမှုဖြစ်ပွားနှုန်း ပိုများလာပြီး ရဲတပ်ဖွဲ့ မှ မှုခင်း မထိန်းချုပ်နိုင်

၅ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ခိုးမှု၊ ဖေါက်ထွင်းမှုတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့မှ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်နေပေမယ့် သူခိုးလက်ခံတွေကို မဖော်ထုတ်နိုင်ခြင်းကြောင့် ခိုးမှုဖြစ်ပွားနှုန်း လစဉ်မြင့်တက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အသေးစားခိုးမှုအနေနဲ့ မော်တော်ကား ဘက်မှန်ခိုးမှု၊ ကားဘထ္တရီခိုးမှုနဲ့ ကားအပိုပစ္စည်းအမျိုးမျိုး ခိုးယူမှုတွေဟာ ညစဉ် ဖြစ်ပွားနေတာဖြစ်ပြီး ဆိုင်ကယ်ခိုးမှု၊ နေအိမ်ဖောက်ထွင်းမှုတွေဟာလည်း အပတ်စဉ်ဖြစ်ပွားနေတာပါ။

“ခိုးမှုတွေဖြစ်တယ် သူခိုးလည်းမဖမ်းဘူး။ နောက်ပြီး ကိုယ့်ပစ္စည်းကို သူခိုးလက်ခံ ဆိုင်တွေက ပြန်ဝယ်နေရတယ်။ သူခိုးအားပေးဖြစ်မှာစိုးလို့ ပြန်မဝယ်ချင်ပေမယ့် သူတို့ဆိုင်တွေမှာဘဲ ဒီပစ္စည်းတွေက ရှိနေတော့ ပြန်ဝယ်ရတာပါ။ အဓိက ခိုးရာပါပစ္စည်းလက်ခံသူတွေရှိလို့ သူခိုးတွေခိုးရဲတာ။ ခိုးရာပါပစ္စည်းရောင်းတဲ့ဆိုင်တွေကို ထိထိရောက်ရောက် အရေးယူဖို့လိုပြီ”လို့ ဝမ်ကောင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

ဆိုင်ကယ်ခိုးယူမှုတွေဟာ တစ်ပါတ်အတွင်း (၃/၄)စီး ခိုးယူခံရမှုတွေရှိနေပြီး၊ ပြီးခဲ့တဲ့အပါတ်က ဝမ်ကောင်းရပ်ကွက်အတွင်း နေအိမ်အတွင်းမှ ဆိုင်ကယ်နဲ့ ပစ္စည်းအချို့ ခိုးခံရမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင် ဆေခန်းရပ်ကွက်အတွင်းမှာလည်း နေအိမ်အတွင်းဝင်ရောက်ကာ ဆောင်းဘောက်၊ ဆိုင်ကယ်နဲ့ အခြားပစ္စည်းတွေ ဝင်ရောက်ခိုးခံရမှုတွေလဲ ဖြစ်ပေါ်ခဲ့တာပါ။

“ကျွန်တော်တို့လည်း ရှိတဲ့အင်အားနဲ့ ရှောင်တခင်စစ်ဆေးရေးတွေလုပ်နေတာဘဲ။ မြို့လူဦးရေထူထပ်လာတော့ ရှိတဲ့အင်အားနဲ့ မြို့လူထု အချိုးမညီတော့ မှုခင်းဖြစ်ပွားမှုကို ထိန်းချုပ်ဖို့က မလွယ်ဘူး ”လို့ အမည်မဖော်လိုတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တာချီလိတ်မြို့နယ်အတွင်း ရဲတပ်ဖွဲ့အင်အား (၂၀၀)ကျော်သာရှိပြီး မြို့လူဦးရေမှာ (၅)သိန်းကျော်ရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မှုခင်းထိန်းချုပ်ဖို့အတွက် လူပေါင်း(၂၅၀၀)ခန့် စောင့်ကြည့်နေရသလိုဖြစ်နေတဲ့အတွက်လည်း မှုခင်းထိန်းချုပ်ဖို့ ခက်ခဲနေတာလို့ သိရပါတယ်။

တာချီလိတ်ခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်တွေကို နယ်မြေအလိုက်၊ တပ်ဖွဲ့စုအလိုက် အင်အားခွဲဝေပြီး တာဝန်အမျိုးမျိုးချထားပေးရတဲ့အတွက် မှုခင်းထိန်းချုပ်ဖို့ အသုံးပြုတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားမှာ နည်းပါးလွန်းနေတာကြောင့်လဲ မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်နေတာဖြစ်တယ်လို့ ရဲဝန်ထမ်းဟောင်းတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

“မှုခင်းနဲ့ပတ်သက်ပြီး တရားရုံးရောက်လာတာ အများဆုံးက ကျားဖြန်၊ အွန်လိုင်းနဲ့ မူးယစ်ဆေးဝါးမှုတွေက အများဆုံးဘဲ။ တကယ်တမ်းမြေပြင်မှာ လူထုကို တိုက်ရိုက်ဒုက္ခပေးတာ ခိုး၊ ဆိုး၊ နှိုက် အမှုတွေက နေ့စဉ် ကြုံတွေနေရတာ၊ ဒါကိုတော့ ထိထိရောက်ရောက်ကိုင်တွယ်ဖို့ နည်းလမ်းရှာသင့်တယ်”လို့ ဥပဒေပညာရှင် တစ်ဦးကလဲ အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။

တာချီလိတ်မြို့မှာ နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့အတွက် မှုခင်းဖြစ်ပွားမှုနှုန်းကို လျော့ချဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေသာ ကိုင်တွယ်နိုင်တာ မဟုတ်ဘဲ မြို့လူထုအပြင် လုံခြုံရေးအင်အားစုတွေဖြစ်တဲ့ ပြည်သူ့စစ်၊ အရန်မီးသတ်နဲ့ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ကိုယ်တိုင် တင်းတင်းကျပ်ကျပ် ပါဝင် ဆောင်ရွက်နိုင်မှသာ ထိရောက်မှာဖြစ်ပါတယ်။

ထို့ပြင် ဒေသခံ မြို့လူထုကို မှုခင်းနဲ့ပါတ်သတ်ပြီး အသိပညာပေးခြင်း၊ လူထုတွေဆုံပွဲပြုလုပ်ခြင်းတွေလဲ ပြုလုပ်ပေးဖို့လိုအပ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေကလဲ အကြံပြုထားကြပါတယ်။

ပြီးခဲ့တဲ့ပါတ်အတွင်း မော်တော်ကား(၂)စီး ခိုးယူခံရမှုနဲ့ပါတ်သတ်ပြီး ရဲတပ်ဖွဲ့ရဲ့ ကြိုးစားမှုကြောင့် ခိုးယူသွားသူနဲ့အတူ မော်တော်ကား(၂)စီးလုံးပြန်လည်ရရှိခဲ့တာတွေရှိခဲ့ပြီး လွန်ခဲ့တဲ့(၂)လ ဇူလိုင်လအတွင်းကလဲ ခိုးယူခံထားရတဲ့ ဆိုင်ကယ်(၁၄)စီးနဲ့အတူ သူခိုးလက်ခံ(၂)ဦး သူခိုး(၂)ဦးကို တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့လဲ သိရှိရပါတယ်။

#မှုခင်း

#ခိုးမှု

#သူခိုးလက်ခံ

#အင်အား

#ရဲတပ်ဖွဲ့

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin