Language:

Disney ကုမ္ပဏီက လုပ်ငန်းတွေ ပိုမိုကျစ်လစ်စေဖို့နဲ့ ကုန်ကျစရိတ်လျှော့ချဖို့ ဝန်ထမ်းရာဂဏန်းခန့် ထပ်မံလျှော့ချ


Disney ကုမ္ပဏီက လုပ်ငန်းတွေ ပိုမိုကျစ်လစ်စေဖို့နဲ့ ကုန်ကျစရိတ်လျှော့ချဖို့ ဝန်ထမ်းရာဂဏန်းခန့် ထပ်မံလျှော့ချ

၃၀ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

အမေရိကန်နိုင်ငံအခြေစိုက် ဖျော်ဖြေရေးကုမ္ပဏီ Disney က ကုမ္ပဏီလုပ်ငန်းတွေကို ပိုမိုကျစ်လစ်စေဖို့နဲ့ ကုန်ကျစရိတ်လျှော့ချဖို့ ရည်ရွယ်ကာ ဝန်ထမ်းရာဂဏန်းခန့်ကို ထပ်မံလျှော့ချလိုက်တယ်လို့ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိုသို့ လျော့ချမှူကို စက်တင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုလျှော့ချမှု၌ ဝန်ထမ်းရာဂဏန်းခန့် ပါဝင်ကာ လျှော့ချခံရသူအများစုမှာ လူ့စွမ်းအားအရင်းအမြစ် (Human Resources) နဲ့ နည်းပညာ (Technology) ဌာနတွေက ဖြစ်တယ်လို့ သိရပါတယ်။

Disney ရဲ့ CEO Josh D’Amaro သည် ၂၀၂၆ ခုနှစ် မတ်လမှာ ရာထူးတာဝန်ယူပြီးနောက် ဧပြီလတွင် Marketing၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်း၊ ESPN၊ Products and Technology စတဲ့ ကုမ္ပဏီနဲ့ အချို့သော အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေက ဝန်ထမ်း ၁,၀၀၀ ခန့်ကို လျှော့ချခဲ့ပါသေးတယ်။

Disney သည် ကုမ္ပဏီဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်နေပြီး ဉာဏ်ရည်တု (AI) အပါအဝင် နည်းပညာများကို ပိုမိုအသုံးပြုလာခြင်းနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေကို ပြောင်းလဲခြင်းတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

Disney သည် ၂၀၂၅ ဘဏ္ဍာနှစ်ကုန်မှာ ကမ္ဘာတစ်ဝန်း ဝန်ထမ်း ၂၃၁,၀၀၀ ခန့်ရှိခဲ့ပြီး ယင်းအနက် အမေရိကန်နိုင်ငံက ဝန်ထမ်း ၁၇၂,၀၀၀ ခန့်နဲ့ အမေရိကန်ပြင်ပက ဝန်ထမ်း ၅၉,၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

ယခင်ကလည်း Disney သည် ၂၀၂၃ ခုနှစ်က ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိ လျှော့ချရန် ရည်ရွယ်ကာ ဝန်ထမ်း ၇,၀၀၀ ခန့် လျှော့ချခဲ့ပါသေးတယ်။

#Disney

#လူ့စွမ်းအားအရင်းအမြစ်

#နည်းပညာဌာန

#ဝန်ထမ်း

#စီးပွားရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin