၃၀ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
NPW
မြန်မာမှုရိုးရာအစားစရာ ထမနဲနဲ့ မြန်မာမှုလက်ရာ ရက်ကန်းပညာ လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းကို ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်စေဖို့ ယူနက်စကိုကို ပေးပို့လုပ်ဆောင်သင့်ကြောင်း အဆိုဖြစ်ပြီး ဒီအဆိုကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်က ဒေါက်တာရွှေပြည်စိုးက စင်တင်ဘာ (၂၉)ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
ထမနဲပြုလုပ်တာမှာ ပါဝင်ပစ္စည်းတွေကလည်း မြန်မာပစ္စည်း မြန်မာပီသသလို အမည်ပေးထားပုံကအစ မြန်မာ ဝေါဟာရစစ်စစ်ဖြစ်တာကြောင့် အမျိုးသား စည်းလုံးညီညွတ်မှု အမှတ်အသား စားစရာထမနဲကို မြန်မာမှု စားစရာတစ်ခုအဖြစ် သတ်မှတ်ပေးရမှာဖြစ်ပြီး ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ်နိုင်တာကြောင့် လက်ဆင့်ကမ်းရမယ့် အမွေအနှစ်လည်းဖြစ်တယ်လို့ အဆိုရှင်က ပြောပါတယ်။
“ထမနဲမှာ လုပ်ဆောင်ပုံကအစ မြန်မာတွေ စားသောက်လေ့ရှိတဲ့ ရိုးရာဓလေ့ပုံစံ၊ လအလိုက် ဆယ့်နှစ်ရာသီပွဲတော်မှာ ရာသီပေါ်စားစရာဖြစ်တာ၊ မြန်မာ့နည်းမြန်မာ့ဟန် ဖန်တီးမှုအပြည့်ပါတာ စတဲ့ လက္ခဏာတွေကြောင့် ယူနက်စကိုစာရင်းမှာ ဝင်သင့်တယ်လို့ ယူဆပါတယ် ” လို့ ဒေါက်တာရွှေပြည်စိုးက ဆိုပါတယ်။
မြန်မာ့ရိုးရာလက်မှုရက်ကန်းအနုပညာနဲ့ လွန်းရာကျော်ကြိုးကြီးအချိတ် ယဉ်ကျေးမှုဟာ ရှေးရိုးအစဉ်အဆက်ကတည်းက မြန်မာ့ယဉ်ကျေးမှု ကိုယ်ပိုင် အနုပညာတစ်ရပ်အနေနဲ့ ရပ်တည်ခဲ့တာကြောင့် အချိတ်ယဉ်ကျေးမှုဟာ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ရရှိနိုင်ဖို့ နိုင်ငံကိုယ်စားပြု သတ်မှတ်တင်သွင်းသင့်တယ်လို့လည်း ပြောပါတယ်။
“ရိုးရာအမွေ လက်ခတ်ရက်ကန်းယဉ်ကျေးမှုဟာ ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်ပါတယ်။ ခေတ်နဲ့အညီ လှပဆန်းကြယ်အောင် ပိုး သို့မဟုတ် ချည်ကို လွန်းရာကျော်နဲ့ ယက်လုပ်တဲ့ အချိတ်ဆင် အချိတ်ဒီဇိုင်းကို ယူနက်စကိုစာရင်းဝင်နိုင်ဖို့အတွက် လွန်းရာကျော် ရှေးရိုးရာ မြန်မာ့လက်ခတ်ရက်ကန်းအနုပညာကို ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းတာဖြစ်ပါတယ်။ အချိတ်အဆင်က ခေတ်မီဆန်းသစ်ဖို့တော့ လိုပါတယ်။ မြန်မာ့အချိတ်အဆင်က ကမ္ဘာပေါ်မှာ ရှားပါးအဆင်၊ ရှားပါးအချိတ် တွေ ဖြစ်ကြပါတယ် ” လို့ ဒေါက်တာရွှေပြည်စိုးက ဆိုပါတယ်။
အချိတ်ရက်ကန်းလက်ခတ် ယဉ်ကျေးမှုသမိုင်းဟာ ရှည်လျားပြီး အနုပညာတန်ဖိုးကြီးသလို ရိုးရာလက်ခတ်အနုပညာရဲ့ ထူး ခြားဆန်းကြယ်မှုတွေ ပါဝင်နေတာကြောင့် ယဉ်ကျေးမှု၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဲ့ သမဝါယမနဲ့ ကျေးလက်ဖွံ့ ဖြိုးရေးဝန်ကြီးဌာနတို့ အကူအညီနဲ့ ရိုးရာရက်ကန်းပညာရှင်တွေ ပေါင်းစပ်ပြီး အဆင့်မြှင့်တင်ကာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့ အားပေးလုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း အဆိုရှက်က ပြောပါတယ်။ အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

